သတင်း

ပဲခူးမှ ထွက်ပြေးတိမ်းရှောင်နေသူများကို လိုက်လံဖမ်းဆီး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပဲခူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူများကိုလည်း မြို့ပေါ်၌သာမက ကျေးရွာများအထိပါ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ 

ဧပြီ ၉ ရက် နံနက်အစောပိုင်း ၄ နာရီခွဲအချိန်တွင် ပဲခူးမြို့ရှိ မဂ္ဂတစ်သပိတ်ခံတပ်ကို အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖြိုခွင်းခဲ့ရာတွင် လက်နက်ကြီးများပါ အသုံးပြုကာ လူနေရပ်ကွက်များအတွင်းထိပင် တစ်နေကုန် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ 

ယင်းနေ့ နံနက်ပိုင်းက မဂ္ဂတစ်လမ်းမကြီးတစ်လျှောက်အပြင် မြို့ဦးကင်း၊ ပဲခူးချောင်းတာပေါ်၊ မဂ္ဂတစ်လမ်းမတန်းနှင့် စံတော်တွင်းလမ်းမတန်း စသည့် အရပ်လေးမျက်နှာမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုများကြောင့် ဆန္ဒပြသူအများစုနေထိုင်သော အလင်းရောင်၊ အင်းဝင်၊ ဆိုရှယ်လစ်၊ မှော်ကန်နှင့် ပုဏ္ဏားစုရပ်ကွက်များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

ထို့နောက် ဧပြီ ၉ မှ ၁၁ အထိ ပစ်ခတ်မှုအတွင်း ပဲခူးမြို့တွင် ၈၅ ဦးခန့် သေဆုံးကြောင်း လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများက ဆိုသည်။ အဆိုပါ သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ Myanmar Now က ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။ 

ထိုသို့သော အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပဲခူးမြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ရဟန်းဝတ်ခဲ့ကြသည်ဟု သိရသည်။ 

“၉ ရက်နေ့ ပစ်ပြီးကတည်းက ဖမ်းဆီးတာက၊ အခုချိန်ထိကို ဖမ်းဆီးတုန်းတာ မပြီးသေးဘူး။ ဒီမှာက ယောက်ျားလေးမှန်သမျှကို အကုန်ဆွဲတယ်။ ရပ်ကွက်ထဲမှာ၊ အိမ်တွေတော်တော်များများလည်း မရှိကြတော့ဘူး။ အိမ်တိုင်း၊ အိမ်တိုင်းမှာ ယောက်ျားလေးဆိုတာကို မရှိကြတော့ဘူး။ တချို့က ပြေးတယ်။ တချို့က ဒုလ္လဘဝတ်လိုက်တာ”ဟု ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ယနေ့ (ဧပြီ ၁၄) တွင် ပြောသည်။

လက်ရှိတွင် ပဲခူးမြို့ပေါ်၌ မှော်ကန် (၁) လမ်းထောင့်၊ ပုဏ္ဏားစုစာသင်ကျောင်း၊ ပန်းလှိုင်စာသင်ကျောင်း၊ ရွှေဘုန်းမြင့်ဘုန်းကြီးကျောင်းနှင့် ဆံတော်တွင်းဘုန်းကြီးကျောင်း စသည့် နေရာများတွင် စစ်ကောင်စီလက်နက်ကိုင်များ စခန်းချတပ်စွဲထားသည်ဟု သိရသည်။ 

“မနက် ၉ နာရီ၊ ၁၀ နာရီဝန်းကျင်လောက်ပဲ ဈေးဝယ်၊ ဘာဝယ် နည်းနည်းပါးပါး အပြင်ထွက်ကြတယ်။ ကျန်တဲ့အချိန်က အပြင်သိပ်မထွက်ရဲဘူး။ သူတို့ (လက်နက်ကိုင်တပ်များ) က တောက်လျှောက်တပ်စွဲ၊ ကင်းပုန်းတွေချပြီး အိမ်တွေ ဝင်စီးတာ၊ ပစ်ခတ်တာတွေ လုပ်နေတယ်” ဟု ပဲခူးမြို့၊ ဆံတော်တွင်းရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကလည်း ပဲခူးမြို့အခြေအနေကို ပြောပြသည်။

ဧပြီ ၉ က ပဲခူးမြို့တွင် မဂ္ဂတစ်ခံတပ်အား စစ်ကောင်စီတပ်များက ဖြိုခွင်းခဲ့စဉ်။ (ဓာတ်ပုံ-  CJ) 

ဘုန်းကြီးကျောင်းပင် မချန်

ပဲခူးမြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ထိုသို့ အခိုင်အမာတပ်စွဲကာ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် အမျိုးသားအများစုသည် ပဲခူးမြို့ရှိ ဘုန်းကြီးကျောင်း ၃၀ နီးပါးတွင် ရဟန်းဝတ်ခဲ့ကြသည်ဟု ဆိုသည်။ 

အကြမ်းဖက်ဖြိုခွင်းခံရသည့် အင်းဝင်၊ ပုဏ္ဏားစု၊ မှော်ကန်၊ အလင်းရောင်၊ ဆိုရှယ်လစ်ရပ်ကွက်များမှ ဘုန်းကြီးကျောင်းများအပြင် ပဲခူးမြို့ခံများတိမ်းရှောင်နေသည့် ကျေးရွာများမှ ဘုန်းကြီးကျောင်းများအထိပင် စစ်ကောင်စီတပ်က ရှောင်တခင်စီးနင်းဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ပဲခူးမြို့ပေါ်တွင် ရဟန်းဝတ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟု အလင်းရောင်ရပ်ကွက်တွင်‌နေထိုင်သူတစ်ဦးက ပြောသည်။ 

“မနေ့ (ဧပြီ ၁၃) က စပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ လိုက်ဖမ်းတယ်။ ရပ်ကွက်ထဲ ဘုန်းကြီးကျောင်းတွေမှာ ရှိသမျှ ဒုလ္လဘတွေကို စာရင်းနဲ့ တန်းစီပြီး သေချာလိုက်စစ်ပြီး ဖမ်းတာ”ဟု ၎င်းက ပြောသည်။

ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း “အကုန်လုံးကို နေ့ရောညပါ အိမ်ထဲထိ ဒလန်တွေ သတင်းပေးလို့ လိုက်ဆွဲနေတာပါ။ ပါသွားတဲ့ကလေးတွေလည်း တော်တော်များနေပါပြီ။ ညီမတို့လည်း ကြောက်ကြောက်နဲ့ ကိုယ့်မြို့ဘက်က ရပ်တည်နေရတာပါ။ ဘယ်နေ့ ကိုယ့်အလှည့်ရောက်လာမလဲတောင် ကြောက်နေရပါတယ်”ဟု ပြောသည်။ 

ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်သူများကို ရှာဖွေမည်ဟု အကြောင်းပြ၍ စစ်ကောင်စီလက်နက်ကိုင်များက ပဲခူးမြို့ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ ဈေးဆိုင်များမှ ပစ္စည်းများ ယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိနေသောကြောင့် အိမ်ထဲနေလျှင်ပင် မလုံမခြုံဖြစ်နေသည်ဟု သပိတ်ခံတပ်တစ်ခုအနီးတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ မိန်းမသားတွေများတဲ့အိမ်တွေဟာ ညဘက် မုဒိမ်းဝင်ကျင့်မှာတောင် ကြောက်နေရတယ်။ ဒီနေ့ပဲ အိမ်တွေထဲ ဝင်စစ်မယ်ပြောလို့ ပစ္စည်းဥစ္စာတွေလုံအောင် သိမ်း​နေရတယ်။ အအေးဆိုင်တစ်ဆိုင်က ချွေးနှဲစာနဲ့ ဖွင့်ထားရတာ ရေခဲသေတ္တာပါ မသွားတယ်”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ကျေးရွာများအထိပါ လိုက်လံပစ်ခတ်

ထို့သို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ပဲခူးမြို့ခံအများစုသည် မြို့ပေါ်ရှိ နေအိမ်များကို စွန့်ခွာ၍ ပဲခူးမြို့အနီးအနားရှိ ကတွင်းခြံ၊ ဆိုင်တီ၊ မုက္ကလ၊ ကျိုက်ပဒိုင်၊ စျေးညောင်ပင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

ထို့သို့ ထွက်ပြေးတိမ်းရှောင်သူများကိုပါ အာဏာသိမ်းစစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးလျက်ရှိသည်။ 

“ရွာတွေဘက်အထိ ပြေးတယ်။ အဲ့ဒါကို ရွာတွေဘက်အထိ လိုက်ပစ်တယ်ဆိုတော့ လုံးဝရပ်တည်လို့မရအောင်၊ နေလို့မရအောင် လုပ်နေတယ်လို့ ယူဆတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တအားကြောက်စေချင်တဲ့ပုံစံပဲ” ဟု ကူညီကယ်ထုတ်ပေးနေသူ ကိုရဲထွဋ်က ပြောသည်။

ပဲခူးမြို့ခံများ တိမ်းရှောင်နေသော ကျေးရွာများ၌ စစ်တပ်က လိုက်လံပစ်ခတ်နေမှုကြောင့် ဈေးညောင်ပင်ရွာအနီး၌ ဆန္ဒပြသူ ၃ ဦး ပြီးခဲ့သည့် ဧပြီ ၁၀ က ပစ်သတ်ခံလိုက်ရသည်ဟု သိရသည်။

“မနေ့က ပြေးနေရင်းနဲ့ နှစ်ယောက်က နောက်မှာ လဲကျန်နေခဲ့တယ်။ ပြေးရင်းလွှားရင်းနဲ့ လဲကျတာ။ သေနတ်ထိတာ မဟုတ်ဘူး။ သေနတ်ဒင်တွေနဲ့ ရိုက်သတ်ခံရတာ”ဟု ကိုရဲထွဋ်က ပြောသည်။

လဲကျနေသူများမှာ သေဆုံးသွားကြောင်းသိရသော်လည်း လက်ရှိအချိန်ထိ ရုပ်အလောင်းများကောက်ယူ၍မရဘဲ မည်သူမည်ဝါဖြစ်ကြောင်း လတ်တလော အတည်မပြုနိုင်သေးပေ။

အလောင်းများ ပြန်မရ

အလားတူ ဧပြီ ၉ က ပဲခူးမြို့အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ကျည်ထိမှန်ထားသူများကို လူမှုကယ်ဆယ်ရေးသမားများက ကယ်ထုတ်ခွင့်မရဘဲ စစ်ကောင်စီတပ်က ယူဆောင်သွားသည်။ 

လက်ရှိတွင် စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိသည်ဟုဆိုသော်လည်း ရုပ်အလောင်း ၁၄ လောင်းသာ ပြန်ရကာ သင်္ဂြိုဟ်နိုင်သေးကြောင်း မြို့ခံများက ပြောသည်။

ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်မပေးဘဲ သေဆုံးသွားသည့်အလောင်းများနှင့်အတူ ဇေယျာမုနိဘုရားဝင်းနှင့် စာသင်ကျောင်းတစ်ခုအတွင်း စုပုံထားခဲ့၍ သွေးထွက်လွန်သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သည်ဟု မြို့ခံများက ယူဆနေသည်။ 

သို့သော် ၉ ရက် ည ၁၁ နာရီဝန်းကျင်ကတည်းက ကျဆုံးသည့်အလောင်းများ၊ ဖမ်းဆီးခံရသူများကို အာဏာသိမ်းစစ်တပ်က ပြောင်းရွှေ့ဖျောက်ဖျက်ထားသောကြောင့် မည်သည့်နေရာတွင် ရှိနေကြောင်း ဒေသခံများကပင် မသိနိုင်သေးပေ။

မှော်ကန်ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကျည်ထိမှန်ထားမှုအား ဧပြီ ၁၀ နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- CJ)

မြို့ခံများအတွင်း အလောင်းများထုတ်ယူလိုပါက ငွေကြေး ကျပ်တစ်သိန်းနှစ်သောင်း ပေးရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပေ။ 

ထို့ပြင် ပဲခူးမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်းရှိ ဆိုင်ခန်း ၅ ခန်းတွဲ အခန်း ၁၂ ခန်းဝန်းကျင်သည် ပြည်သူများ ညမထွက်ရအချိန်ဖြစ်​သော ယ​နေ့ (ဧပြီ ၁၄ ရက်) နံနက် ၃ နာရီခွဲခန့်က မီးလောင်ခဲ့​သည်။

မီးလောင်မှုသည် တစ်နာရီကျော်ကြာမြင့်ကာ မီးသတ်ကား ၇ စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးရှိန်မြင့်မားမှုကြောင့် ဆိုင်ခန်း ၅ ခန်းတွဲလုံး လောင်ကျွမ်းပြာကျခဲ့သည်ဟု သိရသည်။ 

“လောင်တဲ့အချိန် ၃ နာရီခွဲက ပြည်သူတွေ အပြင်ထွက်လို့မရတဲ့အချိန်ဖြစ်လို့ မီးသတ်ကားလာတာကိုပဲ စောင့်ရပါတယ်။ မီးသတ်ကား ၇ စီးလောက် ရောက်လာပေမယ့် မီးရှိန်များတာကြောင့် ငါးခန်းတွဲလုံး ပြာကျသွားပါတယ်။ တချို့ ဆိုင်ခန်းစောင့်အိပ်တဲ့ ကလေးတွေရှိပေမယ့် ထိခိုက်မှုတော့ ကြီးကြီးမားမားမရှိပါဘူး။ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန် လောင်တာဆိုတော့ သူတို့(စစ်တပ်) ပဲ ရှို့တယ်လို့ ထင်ပါတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

မီးလောင်နေစဉ် ရဲနှင့် စစ်ကားနှစ်စီး လာရောက်ခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းက ဆက်​ပြောသည်။

ထိုသို့သော အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများ၊ လိုက်လံဖမ်းဆီးမှုများရှိနေလင့်ကစား ပဲခူးမြို့ရှိ ကျောင်းသားလူငယ်များစုပေါင်းကာ ယနေ့တွင် အကျနေ့သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသပိတ်စစ်ကြောင်း လူစုခွဲချိန်တွင် စစ်ကောင်စီတပ်များက ဖြိုခွင်းရန် လာရောက်ခဲ့သော်လည်း အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button