သတင်း

CDM ဝန်ထမ်းများအတွက် ဆီပိဿာ ၃၀၀ ကို စစ်ကောင်စီတပ် လုယက်

စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေသည့် CDM ဝန်ထမ်းများကို ထောက်ပံ့မည့်ပစ္စည်းများ ထားရှိရာ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းကာ ဆီပိဿာချိန် ၃၀၀ ကို လုယက်သွားကြောင်း တောင်ဥက္ကလာသပိတ်ဦးဆောင်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်အတွင်း ယမန်နေ့ ည ၁၀ နာရီခန့်က တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ သူရ (၅) လမ်းရှိ နေအိမ်တစ်အိမ်တွင် ရှာဖွေစဉ် ဆီပုံးများ ယူသွားခြင်းဖြစ်သည်။ 

ကြက်ဥကတ်များ၊ ကော်ဖီမစ်၊ အဝတ်လျှော်သည့် ဆပ်ပြာခဲ ၁၀ တုံးခန့်နှင့် ယင်းနေအိမ်ရှိ ချက်ပြုတ်ထားသော ထမင်းနှင့် ခရမ်းချဉ်သီးငါးပိချက်၊ ငါးဥကြော်တို့ပါ လုယူခံရသည်ဟု သိရကြောင်း၊ နေအိမ်ကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း  ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။  

“ကျွန်တော်တို့ သတင်းရရချင်း လူတွေပဲ ရှောင်လိုက်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုနေအိမ်မှာ မြို့နယ်အတွင်း ပြောက်ကျားသပိတ်ပါဝင်သူများ အစည်းအဝေးလုပ်ခဲ့ဖူးကြောင်း၊ အစည်းအဝေးတွင် ပါဝင်သူ ၂ ဦး ပြီးခဲ့သည့် ဧပြီ ၉ တွင် ဖမ်းဆီးခံရကြောင်း၊ ကျန်နေသူများ ရှောင်တိမ်းခဲ့ကြပြီး ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရွှေ့ထားနိုင်ခဲ့သော်လည်း သယ်ရန်ခက်ခဲသည့် ဆီပုံးများ ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာ ၉ ရပ်ကွက်၊ သူရ (၂) လမ်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ သားဖြစ်သူက သတင်းပေးလိုက်သည်ဟု ကြားရကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်တို့သည် ပြီးခဲ့သည့် ဧပြီ ၁၀ တွင်လည်း သွားဆရာဝန်တစ်ဦးကို အခမဲ့ဆေးကု၍ မရကြောင်းပြောကာ ပါလာသော ပိုက်ဆံအိတ်အတွင်းမှ ကျပ် တစ်သိန်းနှစ်သောင်းကို ဒဏ်ကြေးဟုဆိုကာ ယူသွားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် ပြည်သူများထံမှ ပစ္စည်းများကို လုယက်ခြင်း၊ ဓားပြတိုက်ခြင်း၊ လူကို ဖမ်းဆီး၍ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်းတို့ကဲ့သို့ ပြန်ပေးဆွဲသည့် ပုံစံများကိုလည်း ပြုလုပ်နေသည်။ 

အနိုင်ကျင့်လုယက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးပြောခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။ 

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဒီပဲယင်းမြို့တို့ရှိ ရွာများတွင် ၎င်းတို့ ရွာထဲဝင် စစ်ဆေးစဉ် နေအိမ်များသို့ ဝင်ရောက်ကာ တန်ဖိုးရှိသည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံတို့က Myanmar Now ကို ပြောခဲ့သည်။ 

ဤအတောအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များသည် အနယ်နယ်အရပ်ရပ်မှ ပြည်သူများကို ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အနိုင်ကျင့်လျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၂  အထိ ပြည်သူ ၇၁၀ ဦး ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ 

CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်ရသူက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။ 

Show More

Related Articles

Back to top button