အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးစစ်သားအသုံးပြုနေမှု ကုလ တွေ့ရှိချက်ကို စစ်ကောင်စီ ငြင်းဆို 

စစ်သားသစ် စုဆောင်းဖမ်းဆီးရာတွင် အသက်မပြည့်သေးသူများကိုပါ ပစ်မှတ်ထားနေသည်ဟူသော ကုလသမဂ္ဂ၏ တွေ့ရှိချက်ကို အာဏာသိမ်းစစ်ကောင်စီက ချဲ့ကား စွပ်စွဲခြင်း ဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်   အရွယ်မရောက်သေးသူများကို တပ်သားသစ်အဖြစ်  စုဆောင်းအသုံးပြုမှု မြင့်တက်လာသလို စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်တွင်လည်း အလားတူ စုဆောင်းမှု အများအပြားရှိနေသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်းကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၃) တွင်   ကန့်ကွက်လိုက်သည်။ 

ချဲ့ကား စွပ်စွဲထားခြင်းသာဖြစ်သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေသည်၊ အသက်မပြည်သေးသူများကို မိဘများထံ​ပြန်အပ်နှံပြီးပြီဟု ဆိုသည်။

ကုလသမဂ္ဂ၏ ဇွန်လ ၁၇ ရက်နေ့  အစီရင်ခံစာတွင်  ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခများတွင် အရွယ်မရောက်သေးသူများ စစ်သားသစ်အဖြစ် စုဆောင်းခံရခြင်း အပါအဝင် ဆိုးရွားသော အခွင့်အရေး ချိုးဖောက်ခံရမှုပေါင်း  ၂,၁၃၈ မှု ရှိခဲ့သည်၊ အတည်ပြုရန် စိစစ်နေဆဲဖြစ်သော စစ်တပ်၏ ကလေးသူငယ်များအပေါ် အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၂၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ၎င်းတို့နှင့်ဆက်နွယ်ပတ်သက်သော တပ်ဖွဲ့များသည် အသက် ၁၂ နှစ်အထိ ငယ်ရွယ်သော ကလေးများကို စစ်သားအဖြစ်စုဆောင်းခဲ့မှု ၁,၈၀၀ ရှိသည်ဟု ကုလသမဂ္ဂက ဆိုထားသည်။ 

ထိုတွေ့ရှိချက်များကို ပြီးခဲ့သော ဇွန်လ ၂၅ နှင့် ၂၆ ရက်တို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီကမူ ထိုတွေ့ရှိချက်များသည် ကိန်းဂဏန်းအချက်အလက်လွှဲမှားနေသည်၊  ကလေးသူငယ်များ နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်များသည် လည်း စနစ်တကျစိစစ်ထားခြင်းမရှိဟု  တုံ့ပြန်သည်။ 

 စစ်ကောင်စီက   အသက်မပြည့်သေးသူ   ၄၈၂ ဦးကို စစ်သည်အဖြစ် စုဆောင်းအသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂက မြန်မာနိုင်ငံသို့ ပေးပို့လာသော အမှုတွဲမှာ ၈ မှုသာ ရှိသည်ဟု ပြောသည်။ 

  အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၊  ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံစာ တင်ပြရေးလုပ်ငန်းအဖွဲ့ (UN CTFMR) တို့နှင့် နီးကပ်စွာ ပူးပေါင်းနေ သည်ဟု စစ်ကောင်စီက ဆိုသည်။ 

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း   စိစစ်တွေ့ရှိသော အသက်မပြည့်သေးသည့် စစ်သည် ၉၃ ဦးကို    မိဘများထံ ပြန်အပ်နှံခဲ့သည်၊ ၂၀၂၅ ခုနှစ်အတွင်း စိစစ်မှုများအရလည်း အသက်မပြည့်ဟု သံသယရှိသည့် စစ်သည် ၁၈ ဦးသာ ကျန်ရှိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုဘက်က အရှက်တရားမရှိသော ငြင်းဆိုချက်များ ထွက်ပေါ်လာခြင်းသည် မဆန်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now သို့ ပြောသည်။ 

“လက်တွေ့ဖြစ်ပျက်နေတာနဲ့ သူတို့(စစ်ကောင်စီ) ငြင်းဆိုထားတဲ့ စာထဲမှာပါတဲ့ ကိန်းဂဏာန်း အချက်အလက်တွေက လုံး၀ကို ကွာဟနေတာ အသေအချာပဲ။ မြေပြင်မှာ စစ်မှုထမ်းဖို့ ဆွဲခေါ်ခံထိတဲ့ ကလေးတွေ အများကြီးပါ၊ သက်သေတွေလည်း အများကြီးပါ” ဟု သူက ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီသည် ပြည်သူလူထု တိုင်ကြားမှုများကို အခက်အခဲဖြစ်စေရန် အင်တာနက် နှင့် ဆက်သွယ်ရေးလိုင်းများကို စနစ်တကျဖြတ်တောက်ထားသေးသည်ဟု သူက ပြောသည်။ 

NUG အစိုးရအနေဖြင့်မူ ကာကွယ်ရေးဝန်ကြီးဌာန(MOD) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူး ပေါင်းပြီး အသက်မပြည့်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်း မဖြစ်စေရန် စည်းမျဉ်းစည်း ကမ်း သတ်မှတ်ထားသည်။ 

မြေပြင်အခြေအနေအရ အသက်အရွယ် အတိအကျ ဆန်းစစ်ရန် အခက်အခဲများရှိနေသည်၊ ထို့ကြောင့် အသက်မပြည့်သေးသူများကို လက်ခံထားသည်ဟူသော တိုင်ကြားမှုများရှိလာလျှင် ချက်ချင်းဖယ်ရှား၊ နေရပ်ပြန်ပို့ သို့မဟုတ် ထိုကလေးအတွက် အကောင်းဆုံးဖြစ်နိုင်မည့် အခြေအနေတစ်ခုကို စီစဉ် ဆောင်ရွက်ရကြောင်း ဦးအောင်မျိုးမင်းက ရှင်းပြသည်။ 

ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသော ကလေးစစ်သားတစ်ဦး။ (ဓာတ်ပုံ- PLA)

စစ်အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာသော တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသော စစ်သားများ နှင့် စစ် တပ်မှ ထွက်ပြေးလာသူများထဲတွင် ကလေးစစ်သား အများအပြားတွေ့ရှိရသည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်သော Human Rights Watch (HRW) ကလည်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောထားသည်။

စစ်တပ်က ထိုကလေးသူငယ်များ၏ အသက်အရွယ်ကို လိမ်လည်ဖော်ပြသည်၊ သေချာစိစစ်မှုများမရှိဘဲ တပ်ထဲသို့ ခေါ်ဆောင်စေပြီး ရှေ့တန်းသို့ စေလွှတ်သည်၊ လမ်းပြအဖြစ် အသုံးပြုသလို  စစ်မြေပြင်၌ လူသားဒိုင်းအဖြစ်ပင် အသုံးချနေသည်ဟု HRW က ဆိုထားသည်။  

ယခင်လက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နှင့် မဟာမိတ်တပ်များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် အသက် ၁၅ နှစ်အရွယ် ကလေးစစ်သားတစ်ဦးကို  ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ ဆယ်ကျော်သက်က  ရန်ကုန်မြို့တွင် အကင်ရောင်းနေစဉ် ဖမ်းဆီးခံရပြီးနောက် စစ်သင်တန်းကျောင်းသို့ အပို့ခံရခဲ့သည်၊ ထို့နောက်  ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသို့ စစ်ကူစစ်သားတစ်ဦးအဖြစ် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု ထွက်ဆိုထားသော ရုပ်သံမှတ်တမ်းကို    PLA က ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်သည် ပဋိပက္ခများအတွင်း ကလေးငယ်များအပေါ် ကြီးမားသော အခွင့်အရေးချိုး ဖောက်မှု ၅ ခုဖြစ်သော စစ်သားအဖြစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ သတ်ဖြတ်ခြင်း နှင့် ဒဏ်ရာ အပြင်းအထန်ရရှိစေခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စာသင်ကျောင်း နှင့် ဆေးရုံများကို တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်နေ၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က List of Shame အမည်ပျက်စာရင်းထဲ ထည့်သွင်းထားသည်။

Related Articles

Back to top button