
ယနေ့ ဧပြီ ၁၁ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူနှစ်ဦး ပစ်ခတ်ခံရရာ တစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်။
ခရိုင်ရဲရုံးအတွင်းမှ မှန်ပြောင်းတပ်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု တမူးမြို့ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ခရိုင်ရဲရုံးထဲက စနိုက်ပါနဲ့ လှမ်းပစ်တာ။ ပါးကို ပေါက်ထွက်ပြီး နေရာမှာတင်ပဲ ပွဲချင်းပြီးဆုံးသွားတယ်။ နောက်က လူက ထွက်ပြေးလာပြီး ရပ်ကွက်ထဲကို အကူအညီတောင်းပြီး အလောင်းသွားကောက်တယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။
ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရပ်ကွက်များအတွင်း သွားရောက်ကင်းပုန်းဝပ်ပြီး ပစ်ခတ်သည့်အတွက် လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံတချို့က တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။
အိန္ဒိယနယ်စပ်ဖြစ်သည့် တမူးမြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကလည်း အင်အားဖြည့်တင်းနေသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ရဲတပ်သားတစ်ဦးက ဦးဆောင်ပြီး တမူးရှိ နန်းဖာလုံရဲကင်းကို ဧပြီ ၁ က လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲ ၅ ဦး သေဆုံးခဲ့သည်။