အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့၏ တပ်မဟာ ၃ နှင့် ၅ ဒေသများတွင် စစ်လေယာဉ်များ မကြာခဏ ရောက်ရှိလာနေကြောင်း ပြောသည်။
တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လေယာဉ်ဖြင့်ပါ ဗုံးကြဲခံထားရသော ထိုဒေသများတွင် ဧပြီ ၈ မှ ဧပြီ ၁၀ အတွင်း လေယာဉ်ပျံသန်းမှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု ဆိုသည်။
ဧပြီ ၈ က အာဏာသိမ်းစစ်အုပ်စု၏ လေယာဉ်သည် တပ်မဟာ ၅ နယ်မြေတွင် ၂ ကြိမ် လာရောက်ကင်းထောက်ခဲ့သည်။
မတ် ၂၇ ၊ ၂၈ နှင့် ၃၀ ရက်များတွင် ဤနယ်မြေ ဗုံးကြဲခံခဲ့ရသဖြင့် ဒေသခံအရပ်သား ၂၀ သေဆုံးခဲ့ဖူးသည်။
ထို့ပြင် ဧပြီ ၉ မွန်းလွဲ ၂ နာရီအချိန်တွင် ဂျက်လေယာဉ် ၂ စီးသည် KNU တပ်စခန်းရှိသည့် ဘုရားလေးကုန်းတွင် ၃ ကြိမ် လှည့်ပတ်ပျံသန်းကာ လော်မူသော၊ လော်မူပယ်၊ ပဒဲကောနှင့် ဘောကထာကျေးရွာများအပေါ်တွင် ၂ ကြိမ် လှည့်ပတ်ပျံသန်းခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေ ၅ နာရီတွင် ဂျက်လေယာဉ် ၄ စီးသည် လော်မူသောကျေးရွာအပေါ် ၂ ကြိမ် လှည့်ပတ်ပျံသန်းခဲ့သည်။
ထိုနေ့ကပင် မွန်းလွဲ ၂ နာရီခန့်က KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (ထိုင်း၊ ကရင်ပြည်နယ် နပ်စပ်ရှိ) လေးကေ့ကော်မြို့သစ်နှင့် ဖလူးဒေသများသို့ အနည်းဆုံး ၃ ကြိမ်ထက်မနည်း ပျံဝဲခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၁၀ နံနက် ၁၀ နာရီခန့်တွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၌ စစ်လေယာဉ် ၂ စီး ဖြတ်သန်းသွားကြောင်း ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်အတွင်း လေကြောင်းမှ စစ်ဆင်နေခြင်းကြောင့် ပြည်သူလူထု ပြေးလွှားပုန်းရှောင်နေရသကဲ့သို့ KNLA ထံတွင် ရှိနေသော စစ်ကောင်စီတပ်မှ သုံ့ပန်းများ၏ လုံခြုံရေးမှာလည်း စိုးရိမ်ဖွယ်ရာဖြစ်လာသည်ဟု ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောသည်။
“ကျွန်တော်တို့ အရွေ့တစ်ချက်မှားသွားတာနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ အဲ့ဒီဖမ်းဆီးရမိထားတဲ့ ဗမာစစ်သားတွေရဲ့ လုံခြုံရေးအပေါ် အများကြီးသက်ရောက်မှုတွေ ရှိသွားနိုင်တယ်။ ကျွန်တော်တို့ သတိနဲ့ ရွှေ့နေပါတယ်။ အတတ်နိုင်ဆုံး၊ အမြန်ဆုံး သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုဆီရောက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် စစ်ရေးလှုပ်ရှားခြင်း၊ နယ်မြေကျော်လွန်ခြင်းများကြောင့် တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) မူတရော်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်များတွင် KNU တပ်ဖွဲ့များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
မတ် ၂၇ ညနေပိုင်းတွင် တပ်မဟာ ၅ ဌာနချုပ်ကိုလည်းကောင်း၊ ၂၈ ရက်တွင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ဒေပူနိုရွာ၌လည်းကောင်း လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်။
မတ် ၃၀ တွင် KNU တပ်မဟာ ၅ နယ်မြေရှိ မူတြော်ခရိုင်၊ မဲဝိုင်ဒေသ၊ တပ်မဟာ ၃ ထိန်းချုပ်ဒေသ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ထီးဖဒိုကျေးရွာအတွင်းနှင့် ရွှေကျင်မြို့နယ်၊ မယ်ဒမတ်ချောင်းဖျားတို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တိုက်ပွဲဖြစ်ခဲ့သော ဒေသများအနက်မှ ဒေသအချို့တွင် လေယာဉ်များ ပျံသန်းခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသား စစ်ရှောင်ဦးရေ သုံးသောင်းကျော်ခန့် ရှိနေပြီဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ပါ အချက်များအရ အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် သဘောတူထားကြသည်။
NCA စာချုပ်ပါ အချက်များကို ဆန့်ကျင်ကာ တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ တပ်ရင်းဌာနချုပ် တပ်စခန်းများကို မောင်းသူမဲ့ယာဉ် (ဒရုန်း) များဖြင့် ၂၀၁၈ ခုနှစ်ကတည်းက လာရောက်ထောက်လှမ်းနေခဲ့သည်ဟု KNU ဘက်က စွပ်စွဲခဲ့ဖူးသည်။
စစ်တပ်ပြောခွင့်ရအရာရှိကမူ တပ်ရင်း၊ တပ်ခွဲ အဆင့်များ၌ ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူထားသော ဒရုန်းများရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးချခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂၃ ရက်နေ့က သတင်းထောက်များကို ပြောသည်။
ဤအတောအတွင်း လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် ဒေသများဖြစ်သော တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်မှ ဒေသခံများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဝက်လာတောကျေးရွာနှင့် မဘီလေးကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြစဉ် အာဏာသိမ်းစစ်အုပ်စုမှ စစ်သား ၃၀ နှင့် ရဲအင်အား ၂၀ ခန့်က ဆန္ဒပြသူများကို ဖြိုခွင်းရန် နှစ်ကြိမ်တိုင် လိုက်လံဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သည်။
KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချထားသည့် KNU ကလည်း ဆန္ဒပြနေကြသူများကို နေရာတချို့တွင် အကာအကွယ်ပေးထားသည်ကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ သတင်းဓာတ်ပုံများတွင် တွေ့ရသည်။