
ယမန်နေ့က စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ပဲခူးမြို့တွင် သေဆုံးသူ ၈၂ ဦး ရှိသည်ဟု ပဲခူးပရဟိတအဖွဲ့များက မှတ်တမ်းတင်ထားနိုင်ကြောင်း ထိုအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ယနေ့ ဧပြီ ၁၀ တွင် ပြောသည်။
ယမန်နေ့ည ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသူ ၆၀ ထက်မနည်း ရှိခဲ့သည်ဟု ဒေသခံတို့က အတည်ပြုခဲ့သည်။
စာသင်ကျောင်းနှင့် ဘုရားဝင်းအတွင်း အလောင်းများစုပုံထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု မြို့ခံတချို့က Myanmar Now ကို ပြောသည်။
ယမန်နေ့ နံနက် ၄ နာရီခွဲကတည်းက ပဲခူးမြို့ အဓိကသပိတ်စခန်းဖြစ်သည့် မဂ္ဂတစ်ခံတပ်ကို လက်နက်ကြီးများအသုံးပြုကာ တိုက်ခိုက်ဖြိုခွင်းခဲ့ပြီး ရပ်ကွက်တချို့တွင် လမ်းပေါ်ထွက်လာသည့် ဒေသခံတို့ကို ညဘက်အထိ ပစ်ခတ်ခဲ့သည်။
သဲအိတ်များဖြင့် ခံတပ်ပြုလုပ်ထားသည်ကို ဗုံးသီးသုံးလောင်ချာများဖြင့် ပစ်ခတ်ခဲ့ရာ ဘန်ကာတစ်ခုအနီး နေရာယူထားသည့် လူငယ်များ သေဆုံးခဲ့သည်ဟု သပိတ်ဦးဆောင်သူတချို့က ပြောသည်။
ထို့နောက် သေဆုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးရမိသူများကို ဆိုရှယ်လစ်ရပ်ကွက် ၁ လမ်းထိပ်ရှိ စာသင်ကျောင်းနှင့် ဆိုရှယ်လစ်ရပ်ကွက် ၁၃ လမ်းထိပ်ရှိ ဇေယျာမုနိဘုရားဝင်းတို့တွင် ထားခဲ့ခြင်းဖြစ်သည်။
“တပ်စွဲတယ်။ အလောင်းတွေကိုတော့ (ဧပြီ ၉) မနက်ခင်းပိုင်းလောက်ကတည်းက စပြီးပုံတာပေါ့။ မနက်ခင်းပိုင်းကတည်းက တစ်ယောက်စ၊ နှစ်ယောက်စတော့ သူတို့ စပြီး လာထားနေပြီ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
အလောင်းများကို ထပ်ထားပြီး စုပုံထားကာ စုစုပေါင်း ခန့်မှန်းခြေ ၄၀ ကျော် ၅၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ၎င်း မြင်တွေ့ခဲ့ရပြီး ဒဏ်ရာရရှိသူများကိုပါ အလောင်းများဖြင့် ရောပြီး စုပုံထားကြောင်း၊ ဒဏ်ရာရရှိသူများ၏ ညည်းညူသံများ ကြားရကြောင်း ၎င်းက ဆက်ပြောသည်။
“အလောင်းတွေ၊ ဒဏ်ရာရသူတွေကို သူတို့ (စစ်တပ်နဲ့ရဲ)က တရွတ်တိုက်ပြီး ဆွဲခေါ်လာတာပေါ့။ ဘုရားရဲ့ အရှေ့ဘက်ဝင်ပေါက်မျက်နှာစာမှာ အလောင်းတွေကို ပုံထားတာ” ဟု ၎င်းက ဆိုသည်။
“(ဒဏ်ရာရသူတွေပါ) ရောပြီး ပုံထားတယ်။ အဲဒီအပုံကြီးထဲက ညည်းသံတွေ ကြားရတယ်”
ရုပ်အလောင်းများကို ညဘက် ၁၁ နာရီအချိန်တွင် ဘုရားဝင်းအတွင်းမှ သယ်ဆောင်ရန်အတွက် စစ်ကောင်စီတပ်များ အတင်အချပြုလုပ်နေသည့် အသံများကြားနေရသည်ဟု ဆိုသည်။
ယမန်နေ့ညက ပဲခူးမြို့ ရှင်စောပုဘုရားဝင်း (ဇေယျာမုနိ) တွင် စုပုံထားသော ရုပ်အလောင်း ၅၇ လောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သယ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသူများလည်း ရှိခဲ့သည်။
ထိုအချိန်တွင် မီးအမှောင်ချထားပြီး စစ်ကောင်စီတပ်များ မူးရူးအော်ဟစ်နေသည့် အသံများကြားနေရသည်ဟု ၎င်းက ဆိုသည်။
“ကိုယ်နဲ့ဆွေမျိုးသားချင်း မဟုတ်ပေမဲ့လည်း တကယ်ထိခိုက်နာကျင်ရတယ်။ မတတ်သာလို့သာ ငြိမ်ပြီး ကြည့်နေရတယ်။ အသက်ရှင်နေသေးတယ်ဆိုတဲ့ ကလေးတွေကို ပြန်ပြီးလုချင်တယ်” ဟု ၎င်းမျက်မြင်တွေ့သူက ပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက လမ်းပေါ်ထွက်ဆန့်ကျင်ကန့်ကွက်သူများကိုသာ ပြစ်တင်ပြောဆိုထားသည်။ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် စစ်ကောင်စီသတင်းတစ်ပုဒ်တွင် ပဲခူးဒေသခံတို့က ရန်ပြုကြကြောင်း၊ ပစ်ခတ်မှုအတွင်း ၁ ဦး သေဆုံးကြောင်း သတင်းတွင် ဖော်ပြထားသည်။
မြို့နယ်အုပ်ချုပ်ရေးကောင်စီက ပဲခူးမြို့ကို ည ၇ နာရီမှ ၁၀ နာရီကျော်အထိ လျှပ်စစ်မီးများဖြတ်တောက်ထားခဲ့သည်။

“သူတို့က တစ်မြို့လုံးကို အမှောင်ချလိုက်တယ်။ ပြီးတာနဲ့ ဘန်ကာ(ခံတပ်)တွေလိုက်ဖြိုခံရတဲ့ ရပ်ကွက်တွေထဲ နာမည်နဲ့တကွ လိုက်ဖမ်းတာတွေလုပ်တယ်။ လူဘယ်လောက်အဖမ်းခံရတယ်ဆိုတာတော့ စာရင်းအတိအကျ မရသေးဘူး။ တချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတာ၊ ဘေးလွတ်ရာ ထွက်သွားကြတာတွေ ရှိနေပါတယ်”ဟု ပဲခူးမြို့ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
ယမန်နေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား ၇၀နှင့် ၁၀၀ ကြားရှိပြီး မဂ္ဂတစ်လမ်းမတစ်လျှောက် ရပ်ကွက်ထိပ်များတွင် တစ်လမ်းလျှင် ၃ ဦးစီ ထားကြောင်း သိရသည်။
“ဆိုရှယ်လစ် မှော်ကန်ဆိုတာက ၁ လမ်းကနေ ၂၅ လမ်းအထိ ရှိတာဆိုတော့ လမ်းတစ်လမ်းမှာ သူတို့ စစ်သားနဲ့ ရဲ ၃ ယောက် ၄ ယောက်လောက် ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်တွင်မူ ဘုရားဝင်းအတွင်း အလောင်းများစုပုံထားသည့် နေရာတွင် စစ်သားများ၊ အလောင်းများ၊ သွေးကွက်များ မရှိတော့ကြောင်း သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
လက်ရှိအချိန်တွင် တိမ်းရှောင်နေသူများ၊ ပျောက်ဆုံးနေသူများရှိသောကြောင့် သေဆုံးမှုအရေအတွက်နှင့် မည်သူမည်ဝါဖြစ်သည်ကို လတ်တလောအတည်ပြုမရနိုင်သေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည်ဆိုသော အသက် ၃၂ နှစ်အရွယ် ကိုသီဟ(ခေါ်) သက်ဦး၏ ရုပ်အလောင်းအား ရင်ခွဲရုံတွင် ယနေ့ တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ယမန်နေ့က ကိုသက်ဦးဖမ်းဆီးခံရသည်ဟု သိရပြီး နောက်ဆက်တွဲသတင်း မကြားရသောကြောင့် ရင်ခွဲရုံတွင် သွားရောက်ကြည့်ရှုသောအခါ အလောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ကိုသီဟ၏ အလောင်းကို စစ်ဆေးကြည့်ရာ ပေါင်မှာ သေနတ်ဒဏ်ရာ တွေ့ရှိရကြောင်း၊ ပြုတ်ကျသည့်ဒဏ်ကြောင့် နောက်စေ့နှင့် မျက်နှာတွင် ညိုမည်းဒဏ်ရာများ တွေ့ရှိရကြောင်း ၎င်း၏ ညီဖြစ်သူ ကျော်ဇင်ခန့်က ပြောသည်။
ယနေ့ (ဧပြီ ၁၀) နံနက် ၁၀ နာရီ ၄၅ မိနစ်မှစ၍ စစ်ကောင်စီတပ်များက ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် အင်းဝင် ရပ်ကွက်များအတွင်း ဝင်ရောက်၍ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေနေသည်။
ထိုသို့ ပဲခူးမြို့အရှေ့ခြမ်းတွင် ဒါဇင်နှင့်ချီသော ပြည်သူများ သေဆုံးပြီး ဖိနှိပ်မှုများ ပြုလုပ်နေသော်လည်း မြို့အနောက်ခြမ်း၌ သပိတ်စစ်ကြောင်းအချို့ ယနေ့ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြောင်း မြို့ခံများက ပြောသည်။
ကျောက်ကြီးစု ရွာသစ်နှင့် ဇိုင်းတောင်ရပ်ကွက်များဘက် ရပ်ကွက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများက ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်သတ်ဖြတ်မှုများနှင့် ဖမ်းဆီးချုပ်နှောင်မှုများကြောင့် ပဲခူးမြို့ပေါ်ရှိ ကတွင်းခြံ၊ အလင်းရောင်၊ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်စသည့် ရပ်ကွက်နှင့် လမ်းများမှ ပြည်သူရာနှင့်ချီ၍ မြို့မှ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပဲခူး၊ ပုဏ္ဏားစုရပ်ကွက်ရှိ ပဲခူးသပိတ်ခေါင်းဆောင် မျိုးကို၏ နေအိမ်ကိုလည်း ယနေ့ နေ့လယ်က စစ်တပ်နှင့် ရဲက ဝင်ရောက်စီးနင်းခဲ့သော်လည်း ဖမ်းမိခဲ့ခြင်း မရှိပေ။
“ကျွန်တော့်အိမ် တစ်အိမ်လုံးကို စစ်သားတွေ ဝင်ပြီးဖျက်ဆီးသွားပါတယ်။ အကုန်ရိုက်ခွဲဖျက်ဆီးသွားပါတယ်။ ဆိုင်ကယ်သုံးစီး၊ အိမ်ရဲ့စားသောက်ကုန်ကြမ်းအကုန်၊ စာအုပ်ဘီဒိုထဲက အမေရိကန်ဒေါ်လာ ၁၀၀၀ ယူသွားတယ်။ အိမ်တွင်းပစ္စည်းအကုန် ရိုက်ခွဲဖျက်ဆီးသွားပါတယ်” ဟု ပဲခူးသပိတ်ခေါင်းဆောင် ကိုမျိုးကိုက ပြောသည်။
“ဓားပြအဆင့်ထက်ဆိုးနေတာ၊ ဖက်ဆစ်စနစ်ဖြစ်နေပြီ” ဟု ၎င်းက ဆက်ပြောသည်။
နေအိမ်များကို ဝင်ရောက်စစ်ဆေးသည့် စစ်သားနှင့် ရဲများက လုယက်ဖျက်ဆီးမှု ကျူးလွန်နေသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအရာရှိကို ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။