
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီးဆုံးသော ဝန်ကြီးဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လျက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူ ဝန်ထမ်း ၈၀ ကျော်ကို အလုပ်ထုတ်လိုက်ကြောင်း သိရသည်။
ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ အရာထမ်း ၁၇ ဦး၊ အမှုထမ်း ၄၅ ဦး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန (FERD) မှ အရာထမ်း ၇ ဦးနှင့် အမှုထမ်း ၁၄ ဦး စုစုပေါင်း ၈၃ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဝန်ထမ်းများမှာ ဖေဖော်ဝါရီ ၈ ရက်ကတည်းက CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နှစ်လကျော်ကာလအတွင်း စာဖြင့် တစ်ကြိမ်သာ သတိပေးအကြောင်းကြားခဲ့သည်ဟု ထုတ်ပယ်ခံရသူ ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
အဆိုပါဝန်ကြီးဌာနတွင် CDM ပြုလုပ်နေသူ ဝန်ထမ်းများကို လုပ်ငန်းခွင် အမြန်ပြန်ဝင်ရောက်ရန် မတ် ၂၂ ရက်တွင် ယာယီအလုပ်ရပ်ဆိုင်းစာ ထုတ်ပြန်ကာ သတိပေးခဲ့ပြီး ဧပြီ ၇ ရက်တွင် ဝန်ထမ်းအဖြစ်မှ ထုတ်ပေးကြောင်း စာထုတ်ခဲ့သည်ဟု အဆိုပါဝန်ထမ်းက ဆိုသည်။
“မတရားဘူးလို့ ထင်ပါတယ်။ ဘာမှအကြောင်းကြားထားတာ မရှိဘူး။ ရန်ကုန်ရုံးက ဝန်ထမ်းတွေကို ၆ ရက်နေ့မှာ စာထုတ်ပြီး ညတွင်းချင်း ပစ္စည်းသိမ်း အခန်းဖယ်ခိုင်းခဲ့တယ်။ အကုန်လုံးက လုပ်သက်များ တဲ့သူတွေဆိုတော့ ချက်ချင်းမပြောင်းနိုင်ဘူး” ဟု DICA ဝန်ထမ်းတစ်ဦးဖြစ်သူ အဆိုပါ အမျိုးသားက ပြောသည်။
ခွင့်မဲ့ပျက်ကွက်ခြင်း၊ တာဝန်မကျေပွန်ခြင်း၊ အမိန့်/ညွှန်ကြားချက်များ လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal) ပြစ်ဒဏ်ကို ချမှတ်သည်လိုက်ဟု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူများမှာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှစ်ခုမှဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးရုံးတွင်လည်း CDM ပြုလုပ်နေသူ ဝန်ထမ်းများရှိနေသဖြင့် အလုပ်ထုတ်ခံရသူထပ်တိုးလာနိုင်ကြောင်း CDM ပြုလုပ်လိုသူများရှိသော်လည်း ရာထူးတိုးဖြင့် သွေးဆောင်ခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု အထက်ပါဝန်ထမ်းက ဆိုသည်။
“ဓမ္မနဲ့ အဓမ္မပေါ့။ မဖြစ်သင့်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ ပြည်သူ့အစိုးရတက်လာတဲ့အထိ တောင့်ခံသွားမှာပဲ” ဟု ၎င်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြည်နယ်နှင့် တိုင်းများရှိ DICA ရုံးများအပါအဝင် ဝန်ထမ်းဦးရေ ၇၅၆ ဦးရှိသည့်အနက် CDM ပြုလုပ်ထားသူ ဝန်ထမ်းပေါင်း ၁၀၀ နီးပါး ရှိသည်ဟု သိရသည်။
ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးသည် ညွှန်ကြားရေးမှူးချုပ်ဘဝကတည်းက ဝန်ထမ်းများအပေါ် တစ်ခါတစ်ရံ ဖိအားပေးခြိမ်းခြောက်တတ်ပြီး CDM ပြုလုပ်သဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူများကို ပြင်ပတွင် လုပ်ကိုင်စားသောက်နိုင်ခြင်း မရှိစေရေး အမည်ပျက်စာရင်းသွင်းရန် စီစဉ်နေကြောင်းလည်း အထက်ပါဝန်ထမ်းက ဆိုသည်။
“Blacklist သွင်းဖို့ပါ လုပ်နေတယ်လို့ ကြားတယ်။ ညွှန်ချုပ်ဘဝတုန်းကလည်း နိုင်ငံခြားပညာတော်သင်ပြီး အလုပ်ထွက်တဲ့သူတွေ ဘာတွေဆို သေးတဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှုကို ကြီးသထက်ကြီးအောင် လုပ်ပစ်မယ်လို့ သူ (ဦးအောင်နိုင်ဦး) က ခြိမ်းခြောက်တာမျိုးတွေ ရှိခဲ့တယ်” ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဗိုလ်မှူးဟောင်း ဦးအောင်နိုင်ဦးကို ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအကြား ထင်ပေါ်ကျော်ကြားသူ ဦးအောင်နိုင်ဦးမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံကော်မရှင်အတွင်းရေးမှူးနှင့် DICA ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်ဖြစ်လာခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီးဖြစ်လျှင်ဖြစ်ချင်း ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အားတက်သရော ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ဝန်ကြီးဌာနဝန်ထမ်းများ၏ CDM လှုပ်ရှားမှုအပါအဝင် ပြည်တွင်းပြည်ပဖိအားများကို ရင်ဆိုင်ခဲ့ရသည်။
မတ် ၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဦးအောင်နိုင်ဦး၏ ဝန်ကြီးဌာနက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တာဝန်ရှိသူများကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သူမရှိသဖြင့် အဆိုပါတွေ့ဆုံပွဲ ပျက်ခဲ့ရသည်။
ထိုနေ့၌ပင် ရန်ကုန်အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်း၊ အီတလီ − မြန်မာ စီးပွားရေးလုပ်ငန်းအသင်းတို့ကို နေပြည်တော်သို့ ဖိတ်ခေါ်ခဲ့သော်လည်း တက်ရောက်နိုင်ခြင်း မရှိကြောင်း အဆိုပါအသင်းများက လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် အဆိုပါဝန်ကြီးဌာနက ဥရောပသမဂ္ဂ (အီးယူ) ၏ ဖွံ့ဖြိုးမှုအကူအညီများနှင့် ပတ်သက်၍ ဧပြီ ၃ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ရာ ဥရောပသမဂ္ဂအပါအဝင်၊ ဂျာမနီနှင့် ပြင်သစ်တို့အနေဖြင့် အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း ရန်ကုန်အခြေစိုက် အီးယူအဖွဲ့ဝင် ပြင်သစ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သောကြောင့် အီးယူ၏ ဖွံ့ဖြိုးမှုအကူအညီပေးရေး စီမံချက်များကိုလည်း ဆိုင်းငံ့ထားသည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။
ဥရောပသမဂ္ဂသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဖွံ့ဖြိုးမှုအကူအညီများ ဆိုင်းငံ့ခဲ့သည့်နည်းတူ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူ စစ်ခေါင်းဆောင် ၁၁ ဦးကိုလည်း မတ်လကုန်ပိုင်းတွင် အရေးယူပိတ်ပင်ခဲ့သည်။
ဦးအောင်နိုင်ဦး ဦးဆောင်သော ဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီလက်အောက်တွင် မျက်နှာသာရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း အာဏာသိမ်းပြီး နှစ်လကျော်အတွင်း မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျှ ဝင်ရောက်ခြင်း မရှိကြောင်း အထက်ပါ DICA ဝန်ထမ်းက ပြောသည်။
“ရင်းနှီးမြှုပ်နှံမှု အသစ်ဝင်လာတာ ဘာမှမရှိဘူး။ Public ကို ချမပြဘဲ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သူတို့ဟာသူတို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အသစ်ဖွဲ့ထားတာ ရှိတယ်။ DICA မှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတာတွေတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံအချို့နှင့် ဆွေးနွေးမှုများ ရှိနိုင်သော်လည်း အနောက်နိုင်ငံများ၏ အရေးယူပိတ်ပင်မှုများ ဖိအားပေးမှုများကြောင့် ရင်းနှီးမြှုပ်နှံနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ထူးထူးခြားခြား လုပ်ဆောင်နိုင်စရာ မရှိကြောင်းလည်း CDM ပြုလုပ်သဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူ FERD ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို အနာဂတ်တွင် ဂုဏ်ပြုမည်၊ ပါဝင်ခြင်းမရှိဘဲ စစ်ကောင်စီ၏ ဦးဆောင်မှုအောက်တွင် ဆက်လက်လုပ်ကိုင်သူတို့ကို ထိရောက်စွာ အရေးယူမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ သမ္မတရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က မတ်လ ၂၁ တွင် ကြေညာချက်ထုတ်ထားသည်။
ဤအတောအတွင်း အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုရပ်တန့်ရန်၊ နိုင်ငံရေးအရဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရန် နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ကနေဒါ၊ ယူကေနှင့် အမေရိကန်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ဧပြီ ၉ ရက်တွင် စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ ဧပြီ ၉ အထိ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၆၀၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်။