သတင်း

မြန်မာတွင်​ ဆောင်ရွက်​နေ​သော ဖွံ့ဖြိုးမှုစီမံကိန်းအားလုံး EU ရပ်ဆိုင်း

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုစီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဥရောပသမဂ္ဂရုံး (EU) က ယမန်နေ့ (ဧပြီ ၅) တွင် ထုတ်ပြန်ကြေညာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် EU သည် နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု၊ အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။

ဥရောပဖွံ့ဖြိုးမှုအကူအညီများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၃ တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် အထက်ပါအစည်းအဝေးသို့ ဂျာမနီနှင့် ပြင်သစ်တို့အပါအဝင် ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ခြင်းမရှိပေ။

ထို့နောက် ၂ ရက်အကြာတွင် ယင်းသို့ အားလုံးရပ်ဆိုင်းလိုက်ကြောင်း EU က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ 

အာဏာသိမ်းမှုအပြီး ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်မှုများ မြင့်တက်လာချိန်တွင် ဥရောပသမဂ္ဂသည် ၎င်း အကူအညီပေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်းကို ခေတ္တဆိုင်းငံ့ကြောင်း ကြေညာခဲ့သည်။

မတ် ၁၉ ကလည်း ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန်၊ စစ်အုပ်ချုပ်ရေးနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်ကို ရုပ်သိမ်းပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ထားမှုများ ပယ်ဖျက်‌ပေးရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

မတ် ၂၂ တွင်  အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦး နှင့် စစ်ကောင်စီက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စုစုပေါင်း ၁၁ ဦးကို အရေးယူဒဏ်ခတ်ကြောင်း ဥရောပသမဂ္ဂက ကြေညာခဲ့သည်။

စစ်တပ်အပေါ် ယခင်က ချမှတ်ထားသော စစ်လက်နက်ပစ္စည်းတင်ပို့ခွင့် ပိတ်ပင်ထားမှုကို ဆက်လက်ထားရှိမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

လူသန်းဝက်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည့် ရခိုင်ဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရန် စဉ်းစားနေကြောင်း EU က ၂၀၁၈ ခုနှစ်အတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းကာ ပြည်သူအများအပြား ပစ်သတ်ခံနေရခြင်းအတွက် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချနေသည်။

မတ်လကုန်ပိုင်းတွင် အမေရိကန်ကလည်း နှစ်နိုင်ငံကြား ၂၀၁၃ ကုန်သွယ်၊ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို ဆိုင်းငံ့လိုက်ပြီး ရွေးကောက်ခံ ဒီမိုက​ရေစီအစိုးရလက်ထက်ပြန်ရောက်မှသာ ဆွေးနွေးမှုများပြန်စမည်ဟု ပြောလိုက်သည်။

ဤအတောအတွင်း မြို့နယ်အများအပြားတွင် နည်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒပြနေသော ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်နှိပ်ကွပ်လျက်ရှိသည်။   

၎င်းတို့အလိုရှိသူကို ဖမ်းဆီးရမိခြင်းမရှိပါက မိသားစုဝင်များကို ဖမ်းခေါ်သွားခြင်း၊ အာဏာဖီဆန်သည့် ဝန်ထမ်းများကို ခြိမ်းခြောက်နှိပ်ကွပ်ခြင်း၊ ကလေးများအပါအဝင် လမ်းတွင် တွေ့ရသည့် ပြည်သူလူထုကို ပစ်ခတ်ခြင်း၊ တိုင်းရင်းသားဒေသ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခြင်း စသည့် မတရားမှုများကို ဆက်တိုက်ကျူးလွန်နေသည်။ 

Show More

Related Articles

Back to top button