အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

PDF ယောင်ဆောင် စစ်ကြောင်းထိုးလာသည့်တပ် မင်းကွန်းတွင် တိုက်ပွဲဖြစ်

စစ်ကိုင်းမြို့ နာမည်ကျော် မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

ယမန်နေ့ မေ၂၈ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာသို့  စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသတွင်းလှုပ်ရှားနေသည့် ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

မန္တလေးနှင့် ဧရာဝတီမြစ်ခြားပြီး နီးကပ်စွာ တည်ရှိသည့် မင်းကွန်း၊ ကင်း၊   ရှားရောင်း စသည့် ကျေးရွာများသို့ ရောက်လာသည့် စစ်ကောင်စီတပ် လက်နက်ကိုင်အင်အား၂၀၀ခန့်ရှိသည်ဟု မင်းကွန်းအခြေစိုက် တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သော People Servant Force အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ထိုလက်နက်ကိုင်များထဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)  ယူနီဖောင်း ဝတ်ထားသူများလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“တိုက်ပွဲပြင်းထန်တယ်။  မနက်၆နာရီလောက်က စဖြစ်တာ။  သူတို့ကလာတာ PDFယူနီဖောင်းတွေ ဝတ်ပြီးတော့လာတာဆိုတော့ ကျွန်တော်တို့ လူတွေက သူ့လူကိုယ့်လူမခွဲခြားတတ်ဘူး။  အနီးကပ်ကျမှသိတော့ အနီးကပ်တိုက်ပွဲဖြစ်ကုန်တာ”ဟု ၎င်းက ပြောသည်။ 

မနက် ၁၁ နာရီဝန်းကျင်တွင် ကျည်အခက်အခဲကြောင့် နောက်ဆုတ်ပေးလိုက်ရကြောင်း ၎င်းက ဆိုသည်။  

“သူတို့ဘက်က အကျအဆုံးရှိတယ်၊ သူတို့အလောင်းကို သူတို့ပြန်မြှုပ်သွားတာတွေရှိတယ်၊ သူတို့ဘက်က ရွာ ၃ ရွာကိုလည်း မီးရှို့တယ်။   အိမ်ခြေ ၂၀ လောက်ပါသွားတယ်”ဟု ၎င်းက ဆိုသည်။  

စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ပေါက်ကိုယ်တော်က ယမန်နေ့ မင်းကွန်းတိုက်ပွဲနှင့်ပတ်သက်ပြီး မင်းကွန်း၊ ရှားရောင်း၊ ကင်းရွာတို့မှ PDFစခန်းများကို ရှင်းလင်းသိမ်းပိုက်နိုင်သည်ဟု ၎င်း၏စာမျက်နှာတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ 

“သူတို့က သိမ်းပိုက်နိုင်တာမဟုတ်ဘူး။  ကျွန်တော်တို့က ဆုတ်ပေးလိုက်တာ။  နေ့လယ်ပိုင်းကျတော့ ကျွန်တော်တို့ပြန်တက်တော့ သူတို့ဆုတ်သွားရတယ်။  အခုအဲဒီစခန်းတွေ အကုန်ပြန်ရပါပြီဗျ”ဟု အထက်ပါ People Servant Force အဖွဲ့ဝင်က ဆိုသည်။ 

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။

Related Articles

Back to top button