၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှစ်သက်သူ ၁ဝဝ ခန့်က ရန်ကုန်၊ တာမွေမြို့နယ်ရှိ ပြည်သူ့ဟစ်တိုင်ကွင်း၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်။
“စစ်မှန်ဒီမို ဥပဒေပြုဖို့ ၂ဝဝ၈ ခြေဥပြောင်းလဲပစ်စို့” စာတမ်းပါ အနီရောင် ဗွီနိုင်း များကို ကိုင်ဆောင်ထားကြပြီး အနီရောင် ဖဲကြိုးများ ရင်ညွန့်တွင် ချိတ်ဆွဲထားသည့် အရွယ်စုံအမျိုးသား၊အမျိုးသမီးများက “၂ဝဝ၈ဖွဲ့စည်းပုံ ပြောင်းလဲပစ်”၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်ရမည်” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူအများစုမှာ ရန်ကုန်မှဖြစ်ပြီး နယ်မှလာရောက်ပူးပေါင်းသူများလည်း ရှိသည်။
ဆန္ဒပြပွဲသို့ရောက်ရှိနေသူတစ်ဦးဖြစ်သည့် ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်မှာ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်သက်နေခြင်းမဟုတ်ဘဲ ၊ပြည်သူလူထု၏ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲမဝင်မီက ရွေးကောက်ပွဲကတိကဝတ် အဖြစ် အခြေခံဥပဒေပြင်ဆင်ရေးကို တစ်ချက်အဖြစ်ထည့်သွင်းခဲ့သော်လည်း ယခုအထိ အကောင်အထည်ပေါ်မလာသေးသလို ကြိုးပမ်းသည့် အရိပ်အယောင်များလည်း မမြင်ရသေးပေ။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကို ပြည်သူများက စတင်လှုံ့ဆော်ရန်လိုအပ်ပြီး ထိုသို့ ပြည်သူက စတင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြဆွေးနွေး သွားနိုင်မည်ဟု ၎င်းက ယူဆနေသည်။
“ပြည်သူတွေက အခြေခံဥပဒေ အသစ်ရေးဆွဲရေးကို ဆန္ဒရှိနေပြီဆိုပြီးတော့ လွှတ်တော်မှာတင်မှာပေါ့။ ကျွန်တော်တို့က ဒီလို အခြေခံဥပဒေ ပြင်ဆင်အသစ်ရေးဆွဲရေးကို ဆန္ဒပြနေပြီ ဆိုမှ သူက(လွှတ်တော်က) လှုပ်လို့ရမှာပေါ့” ဟု ပြောသည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်) ပြောပြီးသားလေ။ပြည်သူ့အားကိုယူမယ် လို့ပြောပြီးသားလေ။ ဒီလိုအားတွေ သူယူမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော် ဦးဓမ္မသာရကလည်း လက်ရှိ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် ပြည်သူလူထုခံစားနေရသည့် ဆိုးကျိုးများစွာရှိနေကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အခြေ ခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ရှေးမတိုးသာ၊ နောက်မဆုတ်သာဖြစ်နေသည်ဟု ယူဆကြောင်း မိန့်သည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကို လူထုအင်အားဖြင့် တောင်းဆိုရန်လိုအပ်ပြီး ထို တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်က ဆောင်ရွက်သွားမည်ကို ယုံကြည်သည်ဟု ဆက်လက်မိန့်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြည်သူတွေမလိုလားတဲ့ ကိစ္စဘာမှ မလုပ်ပါဘူးဆိုပြီးတော့ ကတိပေးထားတယ်။ ဒကာမကြီး ဒေါ်စု လိုလားတာက ပြည်သူတွေစိတ်ထဲမှာ ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး များများ ဆန့်ကျင်လာဖို့ပါပဲ” ဟု မိန့်သည်။
အဆိုပါနေ့က ဆန္ဒပြပွဲကို လူစည်ကားသည့် နေရာများ၌ ကျင်းပခွင့်ရရန် အာဏာပိုင်များထံတွင် ခွင့်ပြုမိန့်လျှောက် ထားခဲ့သော်လည်း ရန်ကုန် မြို့တွင်း ၁၁ မြို့နယ်၌ ဆန္ဒထုတ်ဖော်ခွင့် တားမြစ် ထားသောကြောင့် ယခုနေရာတွင်သာ လာရောက်ကျင်းပရခြင်းဖြစ်သည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဆန်းဝင်းအောင်က ပြောသည်။
“ကျွန်တော်တို့က လူစည်ကားတဲ့နေရာ မှာလုပ်ချင်တာ ခွင့်ပြုမိန့်တောင်းတော့ မချပေးဘူး။ ချောင်ကလောင်နေရာမှာလာပြီးတော့ ဆန္ဒပြခွင့်ဆိုတော့၊ ကျွန်တော်တို့ အတွက်တော့ လုံးဝအဆင်မပြေဘူး”
ပထမဆုံးအကြိမ်ပြုလုပ်သည့် အခြေခံဥပဒေ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ဖြစ်ခြင်းကြောင့် ပြည်သူများ ပိုမို ပါဝင်နိုင်စေရန် ခွင့်ပြုမိန့်တင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ ကိုအောင်ပိုင်ဖြိုးက ပြောသည်။
“နဂိုကတည်းဒီ အခြေခံ ဥပဒေကို မကြိုက်လို့ပြတာ။ ဒီအခြေခံဥပဒေကို လိုက်နာစရာ မလိုဘူး။ မြို့တော် ခန်းမရှေ့မှာပဲပြမယ်ဆိုပြီး ကျွန်တော်တို့ဆွေးနွေးတယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပသွားနေတဲ့ အချိန်ဖြစ်တယ်။ အမေစုရှိတဲ့အချိန်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ကိုအောင်ပိုင်ဖြိုးသည် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ခဲ့သည့် အခြေခံဥပဒေဆန့်ကျင်ရေး “ဖဲကြိုးနီ လှုပ်ရှားမှု” ၏ ဦးဆောင်သူ တစ်ဦးလည်းဖြစ်သည်။ ဖဲကြိုးနီလှုပ်ရှားမှုမှာ အခြေခံဥပဒေကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး ဆန့်ကျင်ကြရန် အင်တာနက်စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်ခဲ့သည့်လှုပ်ရှားမှုဖြစ်သည်။