အရှေ့တောင် အာရှနိုင်ငံများကို ဆက်သွယ်မည့် တရုတ်ပိုးလမ်းမစီမံကိန်း၊ တရုတ်နယ်စပ်ကုန်သွယ်ရေးတို့အတွက် အချက်အခြာကျသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့် ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့က သိမ်းယူပြီးနောက် တရုတ်လုပ်ငန်းရှင်အများအပြား သိန္နီမြို့ပေါ်တွင် အခြေချလာကြကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲကြောင့် နေရပ်စွန့်ခဲ့ကြရသည့် မြို့ခံတို့၏ နေအိမ်၊ ဆိုင်ခန်းများ အပါအဝင် လယ်၊ ယာမြေများကို တရုတ်လုပ်ငန်းရှင်တို့က ငှားရမ်းနေကြောင်း သိန္နီမြို့ခံတစ်ဦီးက ပြောသည်။
“ကိုးကန့်တပ်ဖွဲ့က သူတို့သိမ်းထားတဲ့ ဌာနဆိုင်ရာ ရုံးတွေဆို တရုတ်လုပ်ငန်းရှင်တွေကို ငှားလိုက်ပြီ၊ ထွေအုပ်ရုံး၊ မီးသတ်ရုံတွေဆို ဖျက်ပြီးတော့ တိုက်အမြင့်တွေတောင်ဆောက်နေပြီ။ အဲဒါပြီးမှ အခုမြို့ထဲက အိမ်တွေကို နှစ်ရှည်စီမံကိန်းနဲ့ ငှားနေကြတာ။ စစ်ဘေးရှောင်သွားပြီး ပြန်မလာနိုင်တဲ့ ဒေသခံအိမ်တွေလည်း သူတို့နေနေကြတာပဲ” ဟု သူက ပြောသည်။
မြို့ပေါ်တွင် လစဉ် အိမ်ငှားခ ကျပ် ၅ သိန်းမှ သိန်း ၅၀ အထိပေးနေကြသည်၊ ငှားရမ်းလိုက်သည့် နေအိမ်နှင့် အဆောက်အအုံများကို ဖြိုဖျက်ပြီး အဆောက်အအုံ အသစ်များ ခိုင်ခိုင်မာမာ ပြန်လည်ဆောက်လုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။
မြို့၏အချက်အခြာကျသည့် နေရာများတွင် တရုတ်လုပ်ငန်းရှင်အများအပြားက ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ဆေးဝါးနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ထားကြ ကြောင်း ဒေသခံများက ပြောသည်။
ကြံနှင့်တစ်သျှူးငှက်ပျော စိုက်ရန်ဟုဆိုကာ လယ်နှင့် ယာမြေ လိုက်လံငှားရမ်းနေသူ တရုတ်နိုင်ငံသားများလည်း ရှိကြကြောင်း သိန္နီမြို့ခံ နောက်တစ်ဦီးက ပြောသည်။
“ကြံနဲ့ တစ်သျှူးငှက်ပျော စိုက်ဖို့ဆိုပြီး သူတို့တွေ လိုက်နေတာ၊ လားရှိုး အစပ်နားအထိတောင် ရောက်နေပြီ။ တချို့တွေကတော့ အငှားပေါ့။ တချို့ကျတော့လည်း အပိုင်ပေါ့။ ဒေသခံတွေ မရှိတော့တဲ့ လယ်မြေတွေလည်း ပါတာပဲ။ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး” ဟု သူက ပြောပြသည်။
ထိုသူတို့မှာ နယ်စပ်ဖြတ်ပြီး မူဆယ်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) စသည့် မြို့များမှတဆစ်ဆင့် ရောက်လာကြသူများဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
တရုတ်နိုင်ငံလိုင်စင် နံပါတ်တပ်ကားများဖြင့် မြို့တွင်း နေ့စဉ်လိုလို သွားနေကြသည်ကို တွေ့ရ ကြောင်း ဒေသခံများက ပြောသည်။
“MNDAA က စစ်ပဲတိုက်တတ်တာ၊ စီးပွားရေးကျတော့ တခြားလုပ်တတ်တဲ့သူတွေကို ခေါ်သွင်းလာတာ။ အခုသိန္နီဈေးလည်း ဖျက်ခံလိုက်ရပြီ။ အဲဒီနေရာကို ခြောက်ထပ်တိုက်အမြင့် ဆောက်မယ်ဆိုပြီး လုပ်နေတယ်။ အဲတာလည်း တရုတ်လုပ်ငန်းရှင် အုပ်စုက လုပ်နေတာ”
သိန္နီမြို့၏ မြောက်ဘက် မိုင် ၇၀ အကွာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်း အခြေစိုက်ရာ မူဆယ်မြို့ရှိပြီး အရှေ့ဘက် မိုင် ၇၀ ကျော်ကွာတွင် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး ဂိတ်ရှိသည်။
သိန္နီမြို့သည် အဆိုပါ ကုန်သွယ်ရေးစခန်းများရှိသည့် မြို့များသို့ သွားသည့် အချက်အခြာ ကျသည့် လမ်းဆုံမြို့ဖြစ်သလို တရုတ်နိုင်ငံက ဖော်ဆောင်လိုသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင်တည်ရှိနေသည်။
သိန္နီမြို့တွင် မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ စု ရှိပြီး လူဦးရေ ခြောက် သောင်းကျော် နေထိုင်သည်။
စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးဌာန အချက်အလက်များအရ ၂၀၂၃ မတ်လ ပိုင်းအထိ မြို့နယ်လူဦးရေ ခြောက်သောင်းကျော်တွင် ရှမ်းတိုင်းရင်းသားသုံးသောင်းကျော်ရှိသည်။ စစ်ကောင်စီက မုန်းဝန်း (ဗမာ)လူမျိုးအဖြစ် သတ်မှတ်ပေးထားသည့် တရုတ်လူမျိုးဦးရေ တစ်သောင်းကျော် နေထိုင်သည်ကိုတွေ့ရသည်။ ကချင်တိုင်းရင်းသားများက လူဦးရေ ငါးထောင်ကျော်ဖြင့် တတိယ အများဆုံးနေထိုင် ကြသည်။
သိန္နီမြို့တွင် လယ်၊ ယာ၊ ကိုင်းကျွန်း စသည့် စိုက်ပျိုးနိုင်သည့် မြေဧရိယာ လေးသောင်း ကျော်ရှိသည်ကိုတွေ့ရသည်။
သိန္နီမြို့ကို ရှမ်းမြောက်ဒေသ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ပြီး ဒေသတစ်ခုလုံး စပါးကို အဓိက စိုက်ပျိုးကြသည်။ နှစ်စဉ် နွေစပါးနှင့် မိုးစပါး စိုက်ဧက (၁၇,၀၀၀)နီးပါး ရှိသည်။
တရုတ်လုပ်ငန်းရှင်များသည် ငှက်ပျောနှင့် ကြံ၊ ဖရဲစသည့် သီးနှံများ စိုက်ပျိုးရန် လယ်မြေ ငှားရမ်းမှုများ ရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။ ဒေသခံတို့ မြေငှားခ ရရှိသော်လည်း မြေပျက်စီးပြီး ကျန်ရစ်မည့် အန္တရာယ်လည်း ရှိနေသည်။
၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က သိန္နီမြို့မဈေးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ဈေးအဆောက်တချို့ ပျက်စီး သွားသည်။
၂၀၂၅ ဧပြီလကုန်ပိုင်းမှစ၍ အဆိုပါဈေးအား MNDAA တပ်ဖွဲ့ကပိတ်သိမ်းခဲ့ပြီး ဈေးသည်များကို မြို့နှင့် တစ်မိုင်ကျော်အကွာ ပန်လော့ရွာ ဈေးသစ်သို့ ပြောင်းရွှေ့ခိုင်းခဲ့၍ ဒေသခံတို့က ကန့်ကွက်ခဲ့ကြသည်။
ကန့်ကွက်သည့် သူများထဲမှ အမျိုးသမီးလေးဦီးကို MNDAA ကဖမ်းဆီးခဲ့ပြီး သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကျန်နေသည့် အသက် ၄၀ အရွယ် သိန္နီမြို့ခံ တရုတ်နွယ်ဖွား အမျိုးသမီးကို MNDAA က လောက်ကိုင် မြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ မတွေ့ရတော့ကြောင်း ဒေသခံများက ဆိုသည်။
ထိုဖြစ်စဉ် နောက်ပိုင်း သိန္နီမြို့အတွင်း MNDAA တပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို ဒေသခံတို့က ဝေဖန်ထောက်ပြရဲကြ ခြင်းမရှိတော့ကြောင်း သိန္နီဒေသခံတစ်ဦီးက ပြောသည်။
“ဘယ်သူမှ မပြောရဲကြဘူး။ ဈေးကိစ္စတုန်းကလည်း ဦးဆောင်ပြီးပြောတဲ့ အစ်မကို သူတို့ဖမ်းပြီးလောက်ကိုင်ကို ခေါ်သွားတာ။ အခုလည်းမြို့ထဲမှာ တရုတ်တွေ အိမ်ခြံမြေတွေ လာ ငှားကြတယ်။ ယာမြေတွေ ပါသွားတယ်။ သူတို့က မြို့ထဲမှာ အိမ်ခြံတွေ ရောင်းခွင့် မရှိဘူး ပြောထားလည်း သူတို့ကိုယ်တိုင်ပဲ လုပ်နေတာ ဘယ်သူမှ မပြောရဲဘူး”
သိန္နီမြို့တွင် တရုတ်နိုင်ငံသားများက ဒေသခံတို့၏ နေအိမ်နှင့် လယ်၊ ယာမြေများအား နှစ်ရှည်စီမံကိန်းများဖြင့် ငှားရမ်းနေထိုင်သည် ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် MNDAA ပြန်ကြားရေး တာဝန်ရှိသူများကို Myanmar Now က မေလ ၂၈ ရက် နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သိန္နီမြို့ ပေါ်ကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။
၂၀၂၄ ဇန်နဝါရီလ ၇ ရက်နေ့တွင် သိန္နီ-လားရှိုး လမ်းပေါ်က စစ်ကောင်စီ စကခ(၁၆) လက် အောက်ခံ တပ်စခန်းအားလုံးကို MNDAA နှင့်တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ပြီး သိန္နီမြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
MNDAA သိမ်းပိုက်ထားသည့် သိန္နီမြို့မဈေး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာအဆောက် အအုံများ၊ ဟိုတယ်များ၊ လူနေရပ်ကွက်များကို စစ်ကောင်စီကလေကြောင်းမှ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့ရသည်။
တရုတ်ကြားဝင်မှုကြောင့် MNDAA နှင့် စစ်ကောင်စီတို့ ၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ တွေ့ဆုံပွဲ၌ နှစ်ဖက်တပ်ဖွဲ့များကြား အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက်မှသာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး အစပိုင်းတိုက်ပွဲကာလ အတွင် နေရပ်စွန့်ခွာခဲ့ ရသည့် မြို့ခံများသည် MNDAA တပ်ဖွဲ့က သိန္နီမြို့ကို အလုံးစုံသိမ်းပိုက်လိုက်ချိန်တွင် နေရပ်ပြန်လာခဲ့ကြသော် လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထပ်မံ၍ နေရပ်စွန့်ခွာ သွားခဲ့ ကြသည်။
ထိုသို့ နေရပ်စွန့်ခွာသွားသူများထဲမှ ရှမ်းတိုင်းရင်းသား အများစုသည် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံသို့ပြောင်း ရွှေ့သွားကြသည်။



