ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်ကို အင်အား ၆၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်က ၃ နေရာခွဲပြီး စစ်ကြောင်း ဆက်ထိုးနေရာ မြို့နှင့် ၁၀ မိုင်ကျော်အကွာ နမ့်တိန်းရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို လုံးခင်းရွာတွင်လည်း ယနေ့ (မေ ၂၆) နံနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဧပြီ ၂၃ မှ စတင်ကာ ဖားကန့် အရှေ့ဘက် မိုင် ၄၀ ခန့်အကွာရှိ ကာမိုင်းမြို့မှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဖားကန့်-ကားမိုင်း လမ်းတစ်လျှောက်ရှိ KIA တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့တွင် နမ့်တိန်းရွာအထိရောက်ရှိလာခြင်းဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့တွင် အဆိုပါ စစ်ကြောင်းမှ အင်အားတချို့ လုံးခင်းကျေးရွာအနီးသို့ ရောက်ရှိနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဆိုသည်။
“ကာမိုင်းဘက်ကနေတက်လာတဲ့ စစ်ကြောင်းတွေကတော့၊ ဖားကန့်နားပေါ့၊ လုံးခင်းထဲတွေအထိ ရောက်လာပြီဆိုတော့ အဲဒီဘက်ကတော့ တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ ဖြည်းဖြည်းချင်း တိုးလာတဲ့ သဘောရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး KIA က ထုတ်မပြောသလို စစ်ကောင်စီတပ်ကလည်း ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေသည်။
ဖားကန့်မြို့အရှေ့ဘက် လုံးခင်းရွာအနီးရှိ စစ်ကောင်စီစခန်းကုန်းကိုလည်း KIA ပူးပေါင်းတပ်များ ယနေ့ နံနက် နံနက် ၃ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
“၃ နာရီလောက်က လက်နက်ငယ်ပစ်ခတ်သံတွေကြားရတယ်၊ ဗျူဟာကုန်းက လက်နက်ကြီးပစ်ခတ်သံကြားရတယ်။ အဲဒါက ဘယ်မှာဖြစ်တာလဲဆိုတော့ ငြိမ်းချမ်းသာယာ ခွန်ဆာကုန်း ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်တယ်လို့သိရတယ်၊ ပြီးတော့ မျောက်ကုန်းပေါ့၊ အဲဒီ စစ်ကောင်စီစခန်းငယ်လေးတွေရှိတဲ့နေရာမှာ ညက ကြားရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
တိိုက်ပွဲမှာ မိနစ်အနည်းသာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လုံးခင်းကျေးရွာမှ နေအိမ်အချို့ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
ယနေ့ နံနက်ပိုင်း မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားသံ မကြားရဘဲ ဒေသခံများလည်း ပုံမှန်အတိုင်းပင် သွားလာနေကြသည်ဟု မြို့ခံအချို့က ပြောသည်။
ဖားကန့်မြို့အဝင်အထွက်လမ်းများဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်း, ဖားကန့်-အင်းတော်ကြီးလမ်းနှင့် ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းအားလုံးကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများမှာလည်း စစ်ကြောင်းမထိုးနိုင်ဘဲ စခန်းအတွင်း ပိတ်မိနေသည်မှာ ကြာပြီဖြစ်သည်။
အဆိုပါ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဖားကန့်-ကာမိုင်းလမ်းပိုင်းအပြင် ဖားကန့်-အင်းတော်ကြီး လမ်းပိုင်းနှင့် ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ ကျေးရွာများမှာ ဒေသခံ ၃၀၀၀ ကျော်ခန့်မှာ ဖားကန့်မြို့ပေါ်တွင် တိမ်းရှောင်နေကြရသည်။
ဖားကန့်မြို့အဝင် လယ်ပြင်စခန်း၊ မဇွပ်ယာန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်းမျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနှင့် ဖားကန့်ရဲစခန်းတို့သာ ကျန်ရှိတော့ကာ မြို့ပတ်လည်ရှိ စခန်းများနှင့် ကျေးရွာများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ဖားကန့်-ကာမိုင်းလမ်းတွင် တိုက်ပွဲပြင်းထန်နေချိန် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များမှာ မြို့အနီးဝန်းကျင်ကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယမန်နှစ် နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။



