
ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီတပ်က အနီးဆုံးဖြစ်သော ကာမိုင်းမြို့မှ မြေပြင် စစ်ကြောင်းထိုးလာနေသော်လည်း ကျောက်ရောင်းဝယ်တူးဖော်ရေးလုပ်ငန်းများ မရပ်နားဘဲ ပုံမှန် လည် ပတ်လုပ်ကိုင်နေကြကြောင်း စုံစမ်းသိရသည်။
ဖားကန့်မြို့သို့ ချဉ်းကပ်ရာ လမ်း ၃ လမ်း၊ မြို့ပတ်လည်ရှိ စစ်စခန်းများ၊ မြို့အနီးဝန်းကျင်တို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်နေ့မှစတင်၍ မြို့အရှေ့တောင် ဘက် ၃၆ မိုင်ခန့်အကွာ ကာမိုင်းမြို့ဘက်မှ အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည်။
ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်သည် တစ်လခန့်အကြာတွင် ရှေ့ကို မိုင် ၂၀ ခန့်အထိသာ တိုးလာနိုင်ခဲ့ပြီး ဖားကန့်မြို့နှင့် ၁၅ မိုင်ခန့်သာဝေးသည့် ပျားအုံရွာအနီး ရောက်ရှိနေကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
၁၅ မိုင်ခန့်အကွာတွင် တိုက်ပွဲများဖြစ်နေသော်လည်း ဖားကန့်မြို့ပေါ်တွင် ကျောက်တူးဖော်သည့်လုပ်ငန်း များ ၊ ဈေးရောင်းဈေးဝယ်နှင့် အခြားလုပ်ငန်းများ ပုံမှန်အတိုင်းပင် လည်ပတ်နေကာ များစွာ စိုးရိမ်ပူပန်မှု မရှိကြ ကြောင်း ဖားကန့်မြို့ခံတချို့က ပြောသည်။
“မြို့ပေါ်မှာတော့ ဈေးရောင်း၊ ဈေးဝယ်ကို အဓိကထားကြတဲ့အတွက် အဲဒါကတော့ လည်ပတ်နေတုန်းပဲ။ ကုန်ဈေးနှုန်းကလည်း လက်ရှိအနေအထားအရ အနည်းငယ်တော့ မြင့်တာပေါ့၊ ဒါပေမယ့် အရမ်းကြီး တက်သွားတာမျိုးတော့ မဟုတ်ဘူး” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့ရှိ တရုတ်၊ မြန်မာကုမ္ပဏီများ၏ ကျောက်စိမ်းလုပ်ကွက်များတွင် ယခင်ကအတိုင်း မြေသယ်ယာဉ်၊ မြေတူးကား စသည့် စက်ယန္တယားကြီးများဖြင့် နေ့ရောညပါ လုပ်ငန်း လည်ပတ်ဆဲဖြစ်သည်ဟု ဆိုသည်။
“ကျောက်တူးတာတွေလည်း ပုံမှန်ပဲ၊ မနားဘူးပဲ၊ ကျောက်တူးတာတွေက နေ့ဆိုင်းတူးတာလည်း နေ့ဆိုင်း၊ ညဆိုင်းတူးတာလည်း ညဆိုင်း၊ ပုံမှန်ပဲ။ တဂျိန်းဂျိန်းနဲ့ ကျောက်မိုင်းခွဲတာတွေရော ပုံမှန်ပဲ တူးနေကြတာပဲ” ဟု သူက ပြောသည်။
စစ်ကောင်စီတပ်က ဖားကန့်မြို့အဝင် လယ်ပြင်ကျေးရွာစခန်း၊ မဇွပ်ယန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်းမျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနှင့် ဖားကန့်ရဲစခန်းတို့တွင်သာ တပ်စွဲထားသည်။
ဖားကန့်မြို့ပေါ်နေရာတချို့ကို KIA က ထိန်းချုပ်ထားသည်။
ကုမ္ပဏီများက နယ်မြေ ထိန်းချုပ်သူကို အခွန် ပေးနေရကြောင်း သိရသည်။
“စကစ ဘက်က အစစနည်းပါးသွားတယ်။ ဒါပေမဲ့ သူလည်း စက်ယန္တရားအင်အားများတဲ့ လုပ်ငန်းကြီး တွေဖြစ်တဲ့ “ဝ” ပိုင် ကုမ္ပဏီတွေ၊ ရာဇဌာနီ၊ မြန်မာတကောင်းတို့လို၊ နောက်တခြား နေမင်းကမ္ဘာ၊ မြဥယာဉ် တို့လို လုပ်ငန်းကြီးတွေကနေ အခွန်ရပါတယ်” ဟု အထက်ပါမြို့ခံအမျိုးသားက ပြောသည်။
ရေမဆေးကျောက် ဟု ခေါ်သည့် စွန့်ပစ်မြေစာပုံမှ ရောင်းတန်းဝင်ကျောက် ရှာဖွေကောက်ယူသူတို့ ကုမ္ပဏီလုပ်ကွက်များအတွင်း မဝင်ရောက်နိုင်ရန် လုပ်ကွက် များကို သွပ်ပြားများဖြင့် ကာရံထားသည်ဟု ၎င်းက ဆက်ပြောသည်။

ဖားကန့်တွင် “ရေမဆေးကျောက်” ရှာဖွေသူများမှာ နိုင်ငံအနှံ့မှ ရောက်ရှိလာကြခြင်းဖြစ်ပြီး အရေအတွက် ထောင်နှင့်ချီ ရှိနေသည်။
“အိမ်တစ်အိမ်မှာ ရေမဆေးသမား ၂ ယောက်ရှိရင် အဲဒီ ၂ ယောက်ကိုမှီခိုပြီး ကျန်တဲ့သူတွေက စားသောက်နေကြရတာ။ အဲဒီလိုဆိုတော့၊ ကျေးရွာလူထုတွေက တော်တော်ကို ခက်ခဲနေတဲ့ အနေအထား ရောက်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စွန့်ပစ်မြေစာပုံပေါ် မြေသယ်ယာဉ်ကြီးများ ရောက်လာပြီးနောက် ကျလာသော ကျောက်တုံးများကို သက်စွန့်ဆံဖျား စူးစမ်း ကောက်ယူသော အလုပ်မှာ လွန်စွာ အန္တရာယ်ကြီးမားပြီး မကြာခဏဆိုသလိုပင် မြေစာပုံ ပြိုကျခြင်း၊ နွံကန်ပြိုကျခြင်းတို့နှင့် ရင်ဆိုင်ရသဖြင့် အသေအပျောက် များတတ်သည်။
ဖားကန့်မြို့တွင်း အခြေအနေ
နိုင်ငံအနှံ့ တိုက်ပွဲရှိသည့်မြို့များတွင် လေတပ်၏ ဗုံးကြဲမှု၊ မြို့မီးရှို့ခံရမှုတို့ ပေါ်ပေါက်နေပြီး ဒေသခံတို့ ထွက်ပြေးကြရသည်။ သို့သော်လည်း တိုက်ပွဲကြားမှ ဖားကန့်သည် ထိုမြို့များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
၂၀၂၃ ခုနှစ် ဇွန်လမှ စတင်၍ အင်တာနက်နှင့်ဖုန်း ဆက်သွယ်ရေး ကန့်သတ်ခံရသဖြင့် ဖားကန့်မြို့ နေရာတချို့တွင်သာ ဖုန်းသုံးနိုင်သည်။
ဒေသခံအများစုမှာ အင်တာနက်သုံးစွဲရန်အတွက် Starlink ဂြိုဟ်တုစနစ်ကိုသာ အားကိုးနေရသည်။
Starlink တပ်ဆင်ထားသည့် လက်ဖက်ရည်ဆိုင်နှင့်အခြားနေရာများတွင် တစ်နာရီလျှင် ကျပ် ၂၀၀၀ ခန့် ပေးပြီး သုံးစွဲနေရသည်။
ဖားကန့်မြို့ဝန်းကျင်နေရာတချို့တွင် ဖုန်းလိုင်းရသော်လည်း လိုင်းဆွဲအားမကောင်းကြောင်း မြို့ခံများက ပြောသည်။
ဖားကန့်မြို့တွင် တိုက်ပွဲများရှိနေချိန် ဆက်လက်တည်ရှိနေသော အရာတစ်ခုမှာ စစ်ကောင်စီကို ရှုတ် ချကန့်ကွက်သည့် ဆန္ဒပြပွဲများဖြစ်သည်ဟု ဖားကန့်သပိတ်ကော်မတီဝင်တစ်ဦးက ဆိုသည်။
ထိုဒေသရောက် စစ်သားများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက် တုံ့ပြန်သူများ ဖြစ်သည်။
စစ်ကောင်စီတပ်က ဆန္ဒပြသူ ၅ ဦးကို ပစ်သတ်ခဲ့သည်၊ ၈၀ ကျော် ဖမ်းဆီးခဲ့သည်ဟု သူက ဆက်ပြောသည်။
KIA က မြို့အနောက်ဘက် ကပ်လျက်တွင်ရှိသည့် ဆိုင်းတောင်ရွာကြီး၊ ၎င်းရွာ အနီး ဝှေခါနှင့်အခြားကျေးရွာများကို သိမ်းပိုက်နိုင်ပြီးဖြစ်သည့်အတွက် ဆန္ဒပြသူတို့ ပိုမိုလွတ်လပ်လာသည်ဟု ၎င်းက ပြောသည်။
“အခုနောက်ပိုင်းတော့ ဖားကန့်မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က နယ်မြေစိုးမိုးမှုတွေ တော်တော်များများ ရှိလာပြီဆိုတော့ အန္တရာယ်တော့ နည်းတာပေါ့၊ ဒါပေမဲ့ သတိတော့ ထားရတာပေါ့”
ဖားကန့်မြို့အဝင်အထွက်လမ်းများအနက် တိုက်ပွဲများကြောင့် ဖားကန့်-ကာမိုင်းလမ်းပိုင်းကို ပိတ်ထားသော်လည်း ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းကို ဖွင့်ထားကြောင်း ဒေသခံများထံက သိရသည်။
အခြားလမ်းတစ်ခုမှာ ဖားကန့်-ဆယ်ဇင်လမ်း ဖြစ်သည်။

ဖားကန့်မြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုသည်။
KIA နှင့် နီးစပ်သူ မြို့ခံ အမျိုးသားနောက်တစ်ဦးကလည်း အလားတူ ပြောသည်၊ မေ ၂၁ ရက်နေ့တွင် တိုက်ပွဲဖြစ်နေသည့် ပျားအုံနှင့် တံတား ညီနောင်ကျေးရွာများကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။
မြို့ပေါ်ရှိ တပ်မကုန်းရှိ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသည်၊ တစ်မြို့လုံး လက်နက်ကြီးသံများ ဆူညံနေခြင်းမှာ မြို့ခံများအတွက် အထူးအဆန်း မဟုတ်ဟု သူက ဆိုသည်။
“စစ်ကြောင်းထိုးတယ်၊ လမ်းကြောင်းပွင့်သွားပြီဆိုရင် ဒီမှာရှိတဲ့ တပ်နဲ့ အချိန်းအပြောင်းလုပ်မယ် လုပ်ပြီး ရင် ပြီးသွားပြီ။ အနည်းအကျဉ်း ပစ်ခတ်မှုလေးတွေလုပ်မယ်၊ ဒါပြီးရင် ပြီးသွားလောက်ပြီဆိုပြီးပဲ အားလုံးက တွက်ထားကြတာပေါ့၊ ဒေသထဲမှာတော့ အရမ်းကြီး တုန်လှုပ်နေတာမျိုးမရှိပါဘူးဗျ” ဟု သူက ပြောသည်။
ဖားကန့်မြို့သို့ ဦးတည်နေသည့် စစ်ကောင်စီစစ်ကြောင်း၏ ရည်ရွယ်ချက်မှာ ဖားကန့်-ကာမိုင်းလမ်းပိုင်း ကို ပြန်ထိန်းချုပ်ရန်နှင့် ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ကွက်များမှ အကျိုးစီးပွားများကို ပြန်လည်ရယူ နိုင်ရေးသာ ဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယူဆသည်။
“ခြုံပြီးမှ ပြောရမယ်ဆိုရင် ဖားကန့်ဘက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးတာရှိပါတယ်၊ KIA ရဲ့ ဝင်ငွေတွေ ကို ဖြတ်တောက်ဖို့အတွက် အခုလိုမျိုး (စစ်ကြောင်း) ထိုးတာဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က ခန့်မှန်းပါတယ် ” ဟု ဗိုလ်မှူးကြီးနော်ဘူက မေ ၅ ရက်နေ့က ပြောထားသည်။
KIA နှင့် ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင်မူ မေ ၂၀ ရက်နေ့ ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် တိုက်ပွဲခေတ္တငြိမ်သက်နေပြီး နှစ်ဖက်တပ်များ စောင့်ကြည့်နေကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သည် ယမန်နှစ် မတ်လမှစတင်ကာ မြို့သိမ်း တိုက်ပွဲများဆင်နွှဲနေပြီး နယ်မြေထိစပ်နေသော စစ်ကိုင်းနှင့်ရှမ်းနယ်စပ်များတွင်လည်း တိုက်ပွဲများ ရှိနေ သည်။