သတင်း

ကလေးမြို့တွင် ဖမ်းဆီးခံ ရဲဝန်ထမ်း ၇ ဦးနှင့် ပြည်သူ ၉ ဦးကို အလဲအလှယ်ပြုလုပ် 

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများက ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၉ ဦးနှင့် ယမန်နေ့ (ဧပြီ ၃) တွင် လဲလှယ်ခဲ့သည်ဟု နာမည်ကျော်တာဟန်းသပိတ်မှ လူငယ်များက ပြောသည်။

နှစ်ဖက် ဖမ်းဆီးထားသူများကို ပထမဆုံးအကြိမ် လှဲလှယ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များကို အလှဲအလှယ်ဖြင့် ပြန်လွှတ်ပေးရန် စစ်ကောင်စီလက်နက်ကိုင်များက စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း တာဟန်းသပိတ်စခန်းမှ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၄၀ ဦး ဝန်းကျင်ရှိသည့်အနက် စစ်ကောင်စီလက်နက်ကိုင်များဘက်မှ ပြန်လွှတ်ပေးခဲ့သူ ၉ ဦးမှာ ဆန္ဒပြပွဲတွင် ပါဝင်မှုကြောင့် ဖမ်းဆီးခံထားရသူများ မဟုတ်ကြောင်း သိရသည်။ 

“ည ၈ နာရီနောက်ပိုင်း မထွက်ရဆိုတဲ့အချိန်မှာ ထွက်လို့ ကျူးလွန်တဲ့သူတွေကို ဖမ်းထားတာကို ပြန်လွှတ်ပေးတာလို့ ကြားတယ်။ ၉ ယောက်စလုံးက အဲ့လိုလူတွေပါ။ ဆန္ဒပြသပိတ်စစ်ကြောင်းနဲ့ မပတ်သက်တဲ့ သူတွေပဲ သေချာတာကတော့” ဟု တာဟန်းသပိတ်စခန်းမှ လူငယ်က ပြောသည်။ 

လဲလှယ်ရေးအစီအစဉ်အရ ပြည်သူများထိန်းသိမ်းထားသည့် ရဲအားလုံးကို ယမန်နေ့တွင် လွှဲပြောင်းပြီးဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဆန္ဒပြပြည်သူအရေအတွက် မည်မျှပြန်လွှတ်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းက ပြောသည်။

ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်စခန်းအနီးသို့ မတ်လ ၃၁ ရက်က အရပ်ဝတ်ဖြင့် ကျူးကျော်ဝင်ရောက်လာသူ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဆန္ဒပြသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အခြားရဲတပ်ဖွဲ့ ဝင် ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ 

ဧပြီ ၅ ရက်တွင် ဖမ်းဆီးခံထားရသည့် အရပ်သားများကို စစ်ကောင်စီလက်နက်ကိုင်များက ဒုတိယအကြိမ် ထပ်မံလွှတ်ပေးမည်ဟု သိရသော်လည်း အရေအတွက် မသိရသေးပေ။ 

“ကျွန်တော်တို့လိုချင်တာက ဆန္ဒပြပွဲမှာ အဖမ်းခံရတဲ့ ကျွန်တော်တို့ရဲဘော်တွေရှိတယ်။ အဲ့ဒီလူတွေကို ကျွန်တော်တို့က လိုချင်တာ။ အခု လွှတ်ပေးလိုက်တဲ့သူတွေကို မလိုချင်ဘူးလို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်နေတဲ့ သူတွေက ပါမလာဘဲနဲ့ ဘာမှန်းမသိလိုက်ဘဲနဲ့ လွှွှတ်လိုက်တယ်ဆိုတာမျိုးက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ” ဟု တာဟန်းသပိတ်စခန်းမှ လူငယ်က ပြောသည်။ 

ဖမ်းဆီးရမိသည့် ရဲများကို ထိန်းသိမ်းထားစဉ် လုံခြုံရေးအရ ကြိုးဖြင့်သာ တုပ်နှောင်ထိန်းသိမ်းခဲ့ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က လူကို လူလိုပဲမြင်တယ်။ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ ရိုက်တာနှက်တာ မရှိဘူး။ လုံခြုံရေးအရ ကြိုးနဲ့ တုပ်တယ်။ ဒါပေမယ့် ထမင်းစားချိန်ရောက်ရင် လက်ကြိုးဖြေပေးတယ်။ အဓိကပြောချင်တာက ကျွန်တော်တို့က သူတို့အပေါ်ကို အကြမ်းမဖက်ဘူး” ဟု အထက်ပါလူငယ်က ပြောသည်။ 

ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်စခန်းကို မတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ကျည်အစစ်များ၊ စက်သေနတ်များ၊ လက်နက်ကြီးများအသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဖြိုခွဲခဲ့ပြီး ပြည်သူများကလည်း အမဲလိုက်ရာတွင် အသုံးပြုသော ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ 

အဆိုပါ ပစ်ခတ်ဖြိုခွဲမှုကြောင့် အရပ်သားပြည်သူ ၄ ဦး ကျဆုံးခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။ 

ပစ်ခတ်ဖြိုခွဲခံရသည့် တာဟန်းသပိတ်စခန်းအား နောက်တစ်နေ့တွင်ပင် ဆန္ဒပြပြည်သူများက ပြန်လည်တည်ဆောက်ပြီး နေ့စဉ်ရက်ဆက် စုဝေးဆန္ဒပြနေကြသည်။ 

Show More

Related Articles

Back to top button