အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်မြို့သို့ လာသည့် စစ်တပ်ကို KIA, KPDF ပိတ်ဆို့တိုက်ခိုက်၊ စစ်ကြောင်းရပ်တန့်နေ

မိုင် ၄၀ ကျော် ရှည်သော လမ်းပိုင်းတလျှောက် အင်အား ၆၀၀ ရှိသော စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် မြို့မရောက်မီ ၁၇ မိုင်အကွာတွင် ရပ်တန့်သွားသည်။

ကချင်ပြည်နယ်၊  ဖားကန့်မြို့ကို ဦးတည်နေသည့် အင်အား ၆၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းမှာ ပိတ်ဆို့တိုက်ခိုက်ခံရသောကြောင့် ဖားကန့်မြို့မရောက်မီ ၁၇ မိုင် ခန့်အကွာတွင် ရပ်တန့်နေသည်ဟု ကချင်လွတ်လပ်ရေးတပ် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) များ ထိန်းချုပ်ထားသည့် ဖားကန့်မြို့အဝင် လမ်းကြောင်း ၃ ခုကို ပြန်ရယူရန် စစ်ကောင်စီတပ်က  ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့မှ စ၍ စစ်ကြောင်း ထိုးလာစဉ် ထိုသို့ ဟန့်တားခံရခြင်း ဖြစ်သည်။ 

ဖားကန့်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာရှိ ကာမိုင်းမြို့မှ ထွက်လာသော စစ်ကြောင်းက ဖားကန့်-ကားမိုင်း လမ်းတစ်လျှောက် စစ်ကြောင်းထိုးလာသည်၊ ရက်သတ္တပတ်နှစ်ပတ်အကြာ မေ ၃ ရက်နေ့တွင်   လမ်းတစ်ဝက်ခရီးဖြစ်သော ဖားကန့် မြို့အရှေ့ဘက် ၂၂ မိုင်ခန့်အကွာ ကပ်မှော်ကျေးရွာအနီး  ရောက်ရှိခဲ့ပြီးနောက် KIA, KPDF တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။

ဟန့်တားတိုက်ခိုက်နေသော်လည်း စစ်ကြောင်းက ရှေ့ဆက်တိုးနိုင်လာပြီး ဖားကန့်မြို့နှင့် ၁၇ မိုင်ခန့်အကွာ တံတားညီနောင်ရွာအနီးအရောက်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့် နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်၊ ….နေ့တိုင်းလိုလို ဖြစ်ပါတယ်။ တံတားညီနောင်(ရွာ)ပတ်ဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးလာကြဲတဲ့အဆင့်ရှိပါတယ်။ စကစ ဘက်မှာလည်း အကျအဆုံးများတယ်လို့ ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တံတားညီနောင်ရွာအနီး စစ်ကောင်စီတပ်က လေကြောင်းမှ နေ့စဉ်ရက်ဆက် အပြင်းအထန် ဗုံးကြဲနေသည်၊  ဒရုန်းများဖြင့်လည်း အပြန်အလှန် တိုက်ခိုက်နေကြသည်ဟု ဖားကန့်ဒေသခံတချို့က ပြောသည်။

ဖားကန့်မြို့နယ်တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အရေအတွက်ကို  KIA က အတိအကျ ထုတ်မပြောသလို စစ်ကောင်စီတပ်ကလည်း ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိပေ။

ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော ဗန်းမော်မြို့အဝင်ဆိုင်းဘုတ်ရှေ့ရှိ KIA တပ်ဖွဲ့ဝင် နှစ်ဦး။ (ဓာတ်ပုံ-Jithu Magar)

ဖားကန့်မြို့အဝင်အထွက်လမ်းများကို KIA,KPDF ပူးပေါင်းတပ်များက ထိန်းချုပ်ထားသောကြောင့် မြို့ပေါ် ရှိ  စစ်ကောင်စီတပ်စခန်းများမှာလည်း မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိဘဲ ပိတ်မိနေသည်။

ဖားကန့်မြို့အဝင် လယ်ပြင်စခန်း၊ မဇွပ်ယာန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်းမျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနှင့် ဖားကန့်ရဲစခန်းတို့သာ စစ်ကောင်စီတပ် တပ်စွဲထားသည်။

 KIA နှင့် ပူးပေါင်းတပ်များက  မြို့ပတ်လည်နှင့် ကျေးရွာ များကို သိမ်းပိုက်ထားသည်။

စစ်ကြောင်းထိုးလာသည့် နေရာ ၃ ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်ဗျ၊ ဖားကန့်-ကာမိုင်းလမ်း၊ ဖားကန့်-အင်းတော်ကြီးလမ်း၊ ဖားကန့် -ဆယ်ဇင်းလမ်းကြောတွေမှာ တိုက်ပွဲတွေဆက်ရှိနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေပါတယ်ဗျ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲပြင်းထန်နေချိန် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က မြို့အနီး ဝန်းကျင်ကို လက်နက်ကြီးနှင့်  နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“မြို့ပေါ်ဗျူဟာကုန်းက တစ်ရက်ကို တစ်လုံးလောက်တော့ ဘယ်ကို လှမ်းထုမှန်းတော့ မသိဘူး ထုတယ်ဗျ။ တစ်ရက်တစ်လုံး အသံကတော့ ဟိန်းထွက်နေတာ ဘယ်ထုမှန်းသာ မသိတာ”

လက်ရှိတွင် တိုက်ပွဲများကြောင့် ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ ကျေးရွာများမှာ ဒေသခံ ၃၀၀၀ ကျော်ခန့်မှာ ဖားကန့်မြို့ပေါ်တွင် လာရောက်တိမ်းရှောင်နေကြရသည်။

ပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင် တိုက်ပွဲများ ခေတ္တငြိမ် သက်နေပြီး နှစ်ဖက်တပ် အပြန်အလှန် စောင့်ကြည့်နေကြသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယမန်နှစ် နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။

၂၀၂၄ မတ်လမှ စတင်သည့် ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်ဒေသမှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

ဗန်းမော်မြို့ရှိ စစ်စခန်းများကို   အပြင်းအထန် ထိုးစစ်ဆင်နေချိန် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဖားကန့်မြို့ဘက်သို့ မြေပြင်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ယခုရက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် တွေ့ရသော ဗန်းမော်မြို့အဝင်ဆိုင်းဘုတ်ရှေ့ရှိ KIA တပ်ဖွဲ့ဝင် နှစ်ဦး။ (ဓာတ်ပုံ-Jithu Magar)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button