
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရကာ နေပြည်တော်၌ ပုဒ်မလေးခုဖြင့် တရားရင်ဆိုင်နေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ အာဏာသိမ်းစစ်ကောင်စီက ထပ်မံတရားစွဲဆိုထားသည်။
ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ရန်ကုန်ရှိ တရားလွှတ်တော်ရှေ့နေတစ်ဦး လိုက်ပါဆောင်ရွက်ခွင့်ရရန် စီစဉ်နေဆဲဖြစ်၍ အသေးစိတ်ကို မသိရသေးဟု နေပြည်တော်အမှု လေးခုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်မင်းမင်းစိုးက Myanmar Nowကို ပြောသည်။
“မတ် ၂၅ရက်က ရုံးချိန်းတစ်ကြိမ်ရှိခဲ့တယ်၊ ဒေါ်စန်းမာလာညွန့် ရှေ့နေလိုက်ခွင့်တင်ထားတာ ခွင့်မပြုသေးဘူးလို့ သိထားပါတယ် ”ဟု ၎င်းက ပြောသည်။ ရန်ကုန်၌ ဖွင့်လှစ်ခံရသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ဒေါ်စန်းမာလာညွန့်နှင့်မူ Myanmar Nowက အဆက်အသွယ်မရသေးပေ။
ပုဒ်မ ၃ (၁) (ဂ)တွင် “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသည့် အစိုးရ စကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်” အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အတူ အထက်ပါကိစ္စများကို “သူတစ်ပါးအား ဆက်သွယ်၍ သိစေလျှင် သို့မဟုတ် အဆိုပါပြစ်မှုမှာ ခံတပ်၊ လက်နက်ကိုင် ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် ချထားရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အစိုးရ၊ ရေတပ်၊ ကြည်းတပ်၊ လေတပ်ရေးရာကိစ္စများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက်တစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ကျူးလွန်သည့်ပြစ်မှုဖြစ်လျှင်”လည်း အဆိုပါ ပုဒ်မဖြင့် အကျုံးဝင်ကြောင်း ပြဋ္ဌာန်းထားပြီး ၁၄ နှစ် အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်သည်ဟု ဖော်ပြထားသည်။
ရန်ကုန်၌ ထပ်မံစွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း၍ အတိအကျမသိရသေးသော်လည်း နေပြည်တော်၌ စွဲဆိုထားသည့် ပုဒ်မလေးခုအတွက် ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌ ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ယနေ့ (ဧပြီ ၁)တွင် Video Conferencing စနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ဒေါ်မင်းမင်းစိုးတစ်ဦးကိုသာ တရားခွင်သို့ ဝင်ခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် စစ်ကောင်စီက မူလကတည်းက နေပြည်တော်၌ တရားစွဲဆိုထားပြီးဖြစ်သည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ကြီးလေးသော အဂတိဆိုင်ရာပြစ်မှုများဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီက မတ် ၁၇၊ ၂၄ ရက်တို့တွင် သတင်းထုတ်ပြန်ထားသေးသည်။
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျဖူးသူ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလွန်နီးစပ်ခဲ့သူ ဦးမောင်ဝိတ်နှင့် NLD အစိုးရလက်ထက်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ငွေများပေးခဲ့ကြောင်း ထွက်ဆိုထားသည်ဆိုသော ရုပ်သံဖိုင်များကို အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခြင်းဖြစ်သည်။
ယနေ့ Video Conferencing စနစ်ဖြင့် ရုံးထုတ်စစ်ဆေးသည့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားခွင်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကိုလည်း စစ်ဆေးခဲ့ပြီး သုံးဦးစလုံး ကျန်းမာသည့်အသွင် မြင်တွေ့ရကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။
ဦးဝင်းမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဒေါက်တာမျိုးအောင်ကိုမူ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ အမှုတွဲအဖြစ် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်ပြီး အထက်ပါ ပုဂ္ဂိုလ်သုံးဦးစလုံးက ၎င်းအပါအဝင် တရားလွှတ်တော် ၈ဦးအဖွဲ့ လိုက်ပါဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။
“စွပ်စွဲခံရသူတွေနဲ့ Video Conferencing နဲ့မဟုတ်ဘဲ မျက်နှာချင်းဆိုင်တွေ့ခွင့်ရဖို့၊ ရှေ့နေ ၈ဦးအဖွဲ့ကို လိုက်ပါဆောင်ရွက်ခွင့်ပြုဖို့ နှုတ်နဲ့ရော စာနဲ့ရော တရားခွင်ကို တင်ပြပါတယ်။ ထိန်းသိမ်းထားတဲ့ အဖွဲ့(ရဲတပ်ဖွဲ့)က နောက်ရုံးချိန်း (ဧပြီ ၁၂) မှာ သဘောထား ပြန်လည်တင်ပြဖို့ တရားရုံးက ညွှန်ကြားပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက လူငယ်ရှေ့နေများဖြစ်သည့် ဦးယုယချစ်နှင့် ဒေါ်မင်းမင်းစိုးတို့ကိုသာ ရှေ့နေလိုက်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် အမှုသည်များခွင့်ပြုပြီးဖြစ်သည့် ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် အပါအဝင် စုစုပေါင်း ၈ဦးပါအဖွဲ့ လိုက်ပါဆောင်ရွက်ခွင့်ရရန် တရားခွင်သို့ တစ်ဦးတည်းဝင်ခွင့်ရခဲ့သည့် ရှေ့နေ ဒေါ်မင်းမင်းစိုးက ရုံးတော်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၅၊ ၂၄ ရက် ရုံးချိန်းနှစ်ကြိမ်ကို ကိုယ်တိုင်ဖြတ်တောက်ထားသည့် Mobile Internet မရဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခဲ့သည့် အာဏာသိမ်းစစ်ကောင်စီသည် ကမ္ဘာ့သတင်းဌာန CNN ပြည်တွင်းသို့ ရောက်နေချိန် ယနေ့တွင် Mobile Internet မရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့သုံးဦးစလုံး၏ တရားခွင်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်တွင် စွဲဆိုထားသောအမှုများအတွက် နောက်ရုံးချိန်းကို ဧပြီ ၁၂ တွင် ပြုလုပ်မည်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး ရုံးတင်နေသော်လည်း ပြည်သူအများအပြားကမူ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်လျက်ရှိသည်။
နိုင်ငံအနှံ့ ပြည်သူလူထုက အာဏာသိမ်းစစ်အုပ်စုကို လမ်းပေါ်ထွက် ကန့်ကွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုသည့် ပိုစတာ ကိုင်ဆောင်ထားကြသည်။