
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းကျေးရွာတွင် ယနေ့ မတ် ၃၁ တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ခေါင်းကျည်ထိကာ ကျဆုံးခဲ့သည်။
နတ်ချောင်းကျေးရွာထိပ်သို့ လက်နက်ကိုင်များ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခဲ့၍ ဒေသခံများ ထွက်ကြည့်စဉ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသဖြင့် ဒေသခံများက ပြန်ခုခံခဲ့ကြသည်။
“သူတို့ဘက်က လက်နက်ကြီးနဲ့ လေးချက်လောက် ပစ်တယ်။ ပြည်သူတွေဘက်ကလည်း တူမီးသေနတ်နဲ့ ပြန်တုံ့ပြန်တယ်။ ပစ်ခတ်မှုတွေက ခုချိန်ထိ ဖြစ်နေတုန်းပဲ” ဟု အဆိုပါ နတ်ချောင်းကျေးရွာဒေသခံက ပြောသည်။
ကလေးဒေသခံအချို့သည် အမဲလိုက်ရာတွင် အသုံးပြုသော ဒေသလုပ်တူမီးသေနတ်များ အသုံးပြုလေ့ရှိသည်။
ပြီးခဲ့သည့် မတ် ၂၈ မှစ၍ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်စခန်းများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက စစ်မြေပြင်ပမာ ပြင်းပြင်းထန်ထန်ပစ်ခတ်ဖြိုခွဲရာ လူအများအပြား သေဆုံးခဲ့သည်။
ထိုသို့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ပြည်သူ ၅ ဦး ကျဆုံးခဲ့သည့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ တာဟန်းသပိတ်စခန်းကို ပြည်သူများက ပြန်လည်တည်ဆောက်ပြီး ယနေ့ မတ် ၃၁ တွင် လူဦးရေ ရာနှင့်ချီပြီး စုဝေးဆန္ဒပြခဲ့ကြသည်။
ယနေ့ နေ့လယ်ပိုင်းတွင် တာဟန်းသပိတ်စခန်းအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်လေးဦးကို ဆန္ဒပြပြည်သူများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိန်းသိမ်းခံထားရသည့် လက်နက်ကိုင်များမှာ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး၊ ဒုတပ်ကြပ် နန္ဒမင်း၊ ရဲတပ်သား ဖြိုးသီဟ တို့ဖြစ်ကြောင်း၊ သပိတ်စခန်းအနီး ကားဖြင့် ရောက်ရှိလာစဉ် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သပိတ်စခန်းမှ ဆန္ဒပြပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“အရပ်ဝတ်တွေနဲ့ပါ။ လက်နက်တွေတော့မပါဘူး။ သံတုတ်တွေပဲ ပါတယ်။ ဘီယာလာသောက်တယ် ပြောကြတယ်။ သပိတ်စခန်းကို လာပြီး သတင်းထောက်လှမ်းတာထင်တယ်“ ဟု ယင်းသပိတ်စခန်းမှ ဆန္ဒပြပြည်သူတစ်ဦးက ပြောသည်။
ထိုလေးဦးနှင့် ပတ်သက်ပြီး မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သပိတ်စခန်းမှ ခေါင်းဆောင်များမှ ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ဆိုသည်။
ကလေးမြို့တွင် လက်နက်ကိုင်တပ်များက လူနေရပ်ကွက်များအထိ ဝင်ရောက်ပြီး ခြောက်လှန့်ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။