သတင်း

စစ်ကောင်စီ၏ ကျောက်မျက်ပြပွဲ မပျက်မကွက်တက်ရန် လုပ်ငန်းရှင်များထံ အကြောင်းကြား

စစ်ကောင်စီ၏ ဧပြီ ၁ ရက်နေ့ ကျောက်မျက်ရတနာရောင်းချပွဲကို မပျက်မကွက်တက်ရန် အကြောင်းကြားထားကြောင်း ကျောက်ကုန်သည်များထံမှ သိရသည်။

နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်မည့် ပုလဲအတွဲနှင့် ကျောက်မျက်ရတနာပြပွဲကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ၁၀ ဦး၊ အလုပ်အမှုဆောင် ၃၀ ဦးနှင့် အသင်းခွဲ ၆ ခုမှ ၁၀ ဦးစီ တက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“Image (ပုံရိပ်)တစ်ခုပေါ့။ တက်တဲ့လူများတယ်။ အသင်းက လူကြီးများတယ်ဆိုရင် ပွဲမှာ လူမလာတာထက်စာရင် အသင်းအဖွဲ့လာလို့ရှိရင် Image ကောင်းတယ်လေ” ဟု ထိုလုပ်ငန်းရှင်က Myanmar Now ကို ပြောသည်။

အသင်းအဖွဲ့များမှ အမှုဆောင်များ၊ ပုံမှန်ရောင်းဝယ်လေ့ရှိသည့် ဖောက်သည်များတက်ရောက်ခြင်းအားဖြင့် စစ်ကောင်စီက ပြုလုပ်သည့်ပြပွဲကို လုပ်ငန်းရှင်များက အသိအမှတ်ပြုပြီး ပုံမှန်ရောင်းဝယ်သည့်အသွင်သဏ္ဌာန်ကို ပုံဖော်လိုခြင်းဖြစ်သည်ဟု အဆိုပါကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။

အသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၆ ဦးနှင့် အတွင်းရေးမှူး ၃ ဦးကို မပျက်မကွက်တက်ရန် စစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ညွှန်ကြားထားသည်။

စစ်ကောင်စီကို သပိတ်မှောက်ကာ ပြပွဲမတက်ရောက်သူများရှိသော်လည်း စစ်ကောင်စီက ခန့်ထားသည့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်း အသင်းဒုဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းအပါအဝင် အခြားလုပ်ငန်းရှင်အများအပြား တက်ရောက်ဖွယ်ရှိနေသည်။

“တက်တဲ့လူတွေက စစ်တပ်အားပေးပဲပေါ့။ ကျွန်တော့် သဘောကလေ။ ဒီ ၁၀ ယောက်(အသင်းအကြီးအကဲများ) အပြင် တက်ဦးမှာ။ မျက်နှာလိုအားရတက်ကြဦးမှာ” ဟု အဆိုပါကျောက်မျက်လုပ်ငန်းရှင်က ထပ်မံပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ကျောက်မျက်ပြပွဲများ ရပ်ဆိုင်းပြီး အရောင်းအဝယ်မရှိဖြစ်ခဲ့သောကြောင့် ဈေးသက်သာစွာဖြင့် ရောင်းချလာနိုင်ကြောင်း၊ ရောင်းဝယ်မည့် ကုမ္ပဏီများအချို့ ပွဲတက်ရန် ရောက်ရှိနေပြီဟု သိရကြောင်း ကျောက်မျက်လုပ်ငန်းရှင်တို့က ဆိုသည်။

၁၀ ရက်ကြာကျင်းပမည့် အဆိုပါပြပွဲမှ ကျောက်မျက်ခွန်များကို စစ်ကောင်စီက ရရှိမည်ဖြစ်သော်လည်း မြန်မာကျပ်ငွေဖြင့် ရောင်းချမည့်ပြပွဲဖြစ်သဖြင့် ယူရိုငွေဖြင့်ကျင်းပသည့် ပြပွဲကြီးများကဲ့သို့ တရုတ်နှင့် ပြည်ပဝယ်လက်များ မတက်ရောက်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီက ကျင်းပမည့် ကျောက်မျက်ရောင်းချပွဲသည် တရားမဝင်သည့်အပြင် ပူးပေါင်းပါဝင်သော လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH ) က ကြေညာထားသည်။

ကပ်ရောဂါကာလဖြစ်သည့်အပြင် စစ်ကောင်စီ၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ပြည်သူလူထု နေ့စဉ်နှင့်အမျှ ထိခိုက်နစ်နေချိန်တွင် သယံဇာတများရောင်းချခြင်းမှာ ခွင့်လွှတ်နိုင်ဖွယ်မရှိသည့် လုပ်ရပ်ဖြစ်သည်ဟု CRPH က ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု စသည့်သဘာဝသယံဇာတများသည် ပြည်သူလူထု၏ ဘိုးဘွားပိုင်အမွေအနှစ်ဖြစ်ပြီး မျက်မှောက်နှင့် အနာဂတ်အတွက် စနစ်တကျထုတ်ယူသုံးစွဲရမည်ဖြစ်ကြောင်း CRPH က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button