သတင်း

သေနတ်ဒဏ်ရာရရှိသူ သေဆုံးချိန်တွင် ဆိုင်ကယ်ပေါ်မှပြုတ်ကျသည်ဟု စစ်ဆေးရုံက ဆေးစာထုတ်ပေး 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ လက်ချက်ဖြင့် သေဆုံးခဲ့သူကို ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးရုံက ဆေးစာထုတ်ပေးခဲ့ကြောင်း မိသားစုဝင်က ပြောသည်။

သေဆုံးခဲ့သူလူငယ်မှာ အသက် ၁၇ နှစ်အရွယ် ကိုကျော်မင်းလတ်ဖြစ်ပြီး မတ် ၂၇ ရက်က ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာစဉ် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ခြင်းခံရသဖြင့် ဒဏ်ရာရရှိခဲ့ကာ နှစ်ရက်အကြာတွင် ထားဝယ်စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဆေးရုံသို့ သုံးခေါက်သွားကြည့်သော်လည်း သားဇောဖြင့် ဒဏ်ရာရရှိသည့်အကြောင်းကို မမေးဖြစ်ခဲ့ကြောင်း သေဆုံးသူ ကိုကျော်မင်းလတ်၏ ဖခင်က Myanmar Now ကို ပြောသည်။

“ဒဏ်ရာရရှိတဲ့နေ့ (မတ် ၂၇) ညပိုင်းက ဆေးရုံကို သွားကြည့်တယ်။ သားက သတိမရတော့ဘူး။ ဒုတိယနေ့ကျတော့ မျက်လုံးတော့ ပွင့်လာတယ်။ စကားတော့ မပြောနိုင်သေးဘူး။ အဲဒီတုန်းက ပြန်ကောင်းလာမယ် ထင်တာ။ တတိယနေ့ညကျတော့ အခြေအနေမကောင်းတော့ဘူး။ ဒီနေ့ သေတယ်လို့ အကြောင်းကြားလာတယ်” ဟု ၎င်းက ပြောသည်။ 

သားဖြစ်သူရရှိခဲ့သည့် ဒဏ်ရာနှင့် ပတ်သက်၍ စစ်ဆေးရုံမှ မည်သို့မျှ ပြောပြာခြင်း မရှိခဲ့ဘဲ သေဆုံးချိန်၌ ဆိုင်ကယ်ပေါ်က ပြုတ်ကျသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဆေးစာထုတ်ပေးခဲ့သည်ဟု ဆိုသည်။ 

“စိတ်ကောင်းဘူးဆိုတာပဲ ပြောချင်ပါတယ်။ တခြားတော့ ပြောစရာမရှိပါဘူး” သေဆုံးသူ၏ ဖခင်ဖြစ်သူ က Myanmar Now ကို ပြောသည်။

မတ် ၂၇ က ကိုကျော်မင်းလတ်နှင့်အတူ အခြားလူငယ် ၂ ဦးတို့သည် ဆိုင်ကယ်‌မောင်းနှင်လာစဉ် ထားဝယ်မြို့ အ.ထ.က ၃ အနီး၌ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ကိုကျော်မင်းလတ်တို့လူငယ်သုံးဦးကို စစ်ကောင်စီလက်နက်ကိုင်များက ကားနှစ်စီးပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဆိုင်ကယ်မောင်းနှင်သူ ကိုကျော်မင်းလတ်မှာ ကျည်ဆန်ထိမှန်၍ ဆိုင်ကယ်လဲကျသွားခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရှိရသည်။ 

CCTV မှတ်တမ်းတွင် လက်နက်ကိုင်များက ဒဏ်ရာရရှိထားသည့် ကိုကျော်မင်းလတ်ကို ခြေထောက်နှင့် လက်များမှနေ၍ ဆွဲယူကာ ကားပေါ် ဆွဲတင်သွားသည်ကို တွေ့ရှိရသည်။

ကိုကျော်မင်းလတ်ရရှိထားသော ဒဏ်ရာမှာ အနက်တစ်လက်မခန့်ရှိသည်ကို မြင်တွေ့ရပြီး မသေဆုံးမီ တစ်ရက်အလိုက ဒဏ်ရာကို ချုပ်ထားခြင်းဖြစ်ကြောင်း၊ ကိုကျော်မင်းလတ်သည် စစ်အာဏာရှင်ဆန္ဒပြပွဲနှင့် မသက်ဆိုင်ဘဲ သူငယ်ချင်းများနှင့်အတူ သွားရင်းလာရင်း ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက ရေးသားထားသည်။ 

Show More

Related Articles

Back to top button