သတင်း

အပစ်ရပ်သက်တမ်းထိုးထားသည့် စစ်ကောင်စီတပ် အပစ်ရပ်ချိုးဖောက်ကာ လေကြောင်းမှ ဗုံးဆက်ကြဲနေ

ဧပြီလကုန်အထိ ယာယီ အပစ်ရပ်သက်တမ်းတိုးထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်း မှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေရာ ယမန်နေ့ (ဧပြီ ၂၂) မှ ယနေ့ (ဧပြီ ၂၃) နှစ်ရက်အတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ထက် မနည်း ဒဏ်ရာရှိခဲ့သည်။

ဧပြီလကုန်အထိ ယာယီ အပစ်ရပ်သက်တမ်းတိုးထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်း မှ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေရာ ယမန်နေ့ (ဧပြီ ၂၂) မှ ယနေ့ (ဧပြီ ၂၃) နှစ်ရက်အတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ထက် မနည်း ဒဏ်ရာရှိခဲ့သည်။

ယနေ့ ( ဧပြီ ၂၃) နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးရှိ လက်လှုပ်တောင်ရွာကို စစ်ကောင်စီတပ် က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု လက်လှုပ်ရွာ ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်မတို့ဒီပဲယင်းနယ် လက်လှုပ်တောင်ရွာဆေးခန်းကို  ဒီနေ့မနက်ပိုင်းက လေကြောင်းနဲ့ ပစ်သွားတယ်။ လူ ငါးဦးသေဆုံးပြီး ထိခိုက်မူ့များလည်းရှိပါတယ်။ ကိုယ်လည်းသီသီလေးပါပဲ။ ၃ ဦး ဒဏ်ရာရပြီး ၂ ဦး က ဒဏ်ရာ ပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူ ၅ ဦး မှာ လက်လှုပ်ရွာဒေသခံများဖြစ်သည့် ကိုဆန်းဇော်၊ ကိုအောင်ကျော်ကျော်၊ ဒေါ်ဆောင်း၊ ဒေါ်လုံးနှင့် မဂျယ်ဦးတို့ ဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိရသေးဟု ၎င်းက ဆက်ပြောသည်။

ယမန်​နေ့ ( ဧပြီ ၂၂) က  ယာယီအပစ်ရပ်သက်တမ်းကို  ဧပြီ ၃၀ ရက်အထိတိုးမြှင့်လိုက်သည်ဟု စစ်ကောင်စီတပ်က ကြေညာခဲ့ပြီးနောက် လေကြောင်းမှ ဆက်တိုက် ဗုံးကြဲနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကနီမြို့အနီးရှိ ကျေးရွာများကို ယမန်နေ့ (ဧပြီ ၂၂) က ၅ ကြိမ် ၊ ယနေ့ (ဧပြီ ၂၂) နံနက်တွင် ၃ ကြိမ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျွဲ၊နွားများသေဆုံးခဲ့ပြီး နေအိမ်များ လည်း ပျက်စီးခဲ့သည်ဟု ကနီ ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ က မုဌောအနောက် သမင်ခြံ ရွာ အနောက်ဘက်နားလို့ကြားတယ် နွားတစ်ကောင်ထိတယ်။ နေ့တိုင်း ကြဲနေတာ နေ့ရောညရောပဲ။ မနေ့က ၅ကြိမ် ထင်တာပဲ နတ်ကြီးရွာ မုဌောရွာ သမင်ခြံရွာ။ ဒီနေ့က သမင်ခြံရွာကို ပါရာမိုတာနဲ့ သုံးကြိမ်ဗုံးကြဲတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် မြန်မာပြည်အလယ်ပိုင်းရှိတော်လှန်ရေး တပ်ဖွဲ့များ အင်အား ကောင်းသည့် ဒေသများတွင်သာမက မြန်မာပြည်တောင်ပိုင်း ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ခြေကုပ်ယူထားသည့် ဒေသများတွင်လည်း ယာယီ အပစ်ရပ် သက်တမ်းတိုး ကြေညာချက်ထုတ်ပြန်သည့် နေတွင်ပင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး နောက် ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့ အနီးရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၂) နံနက်ပိုင်းက မင်းလှမြို့အနီး ပဲခူးရိုးမတောင်ခြေရှိ စိန်ကန့်လန့် တပ်နယ်ရှိ ကျေးရွာများ ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်များ၊ စစ်သုံးရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF) ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မနေ့တုန်းကတော့ ကျွန်တော်တို့ဘက်မှာ ဗုံး ၃ ကြိမ် ၉ လုံးကြဲတယ်။ ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရတယ်။ အဓိကက သူတို့ ကြဲတာကလည်း ပြည်သူတွေကြားထဲကိုပဲ ကြဲသွားတယ်။ ကျွန်တော်တို့ ဘက်မှာလည်း တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့လည်း ဝေးတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၂) နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်ရှိ စကခ- ၁၂ ဌာနချုပ် အနောက်ရှိ ကမ္မရမ်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျုံဒိုး ကမ်နီးရွာရှိ အစ္စလာမ် သာသာရေး အဆောက်အအုံ တစ်ခုလည်း ဒရုန်းဗုံး ထိမှန် ခဲ့သည်ဟု ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။

ထို့ပြင် ဧပြီ ၁၄ မှ ဧပြီ ၂၁ အထိ တစ်ပတ် အတွင်းတွင် စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှု ကြောင့် ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းတွင် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့ပြီး ဒေသခံ ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KIC သတင်းဌာနက ရေးသားထားသည်။

 မတ် ၂၈ က မြန်မာနိုင်ငံအလယ်ပိုင်းတွင် စစ်ကိုင်းမြို့အနီးကို အခြေပြုလှုပ်ခတ်ခဲ့သည့် အင်အား ပြင်း မြေငလျင်ကြောင့် ပြန်လည်ထူ​ထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဧပြီ ၂ မှ ဧပြီ ၂၂ အထိ ယာယီ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ယမန်နေ့ (ဧပြီ ၂၂) က ယာယီအပစ်ရပ်သက်တမ်းကုန်းဆုံးပြီးဖြစ်ရာ အပစ်ရပ်သက်တမ်းကို ဧပြီ ၃၀ အထိ ထပ်မံတိုးမြှင့်မည်ဟု စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အပစ်ရပ်ချိုးဖောက်ကာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့ (ဧပြီ ၂၂) ညပိုင်းက စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ချောင်းဖျားကျေးရွာအုပ်စု ဂွေကုန်း ကျေးရွာ မူလတန်းကျောင်းကို ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲသည်ဟု ဒေသခံ များထံက သိရသည်။

ဧပြီ ၂ ရက်က စတင်ကာ အပစ်ရပ်ကြေညာချက် ထုတ်ပြန်ပြီးနောက် လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကရင်၊ကချင်၊မန္တလေး၊စစ်ကိုင်း၊မကွေး ဒေသများတွင် အရပ်သား ရာနှင့်ချီ သေဆုံးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားပြီး ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့်  မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် လေတပ်က ဧပြီ  ၁၈ ရက်နေ့က အစပြုပြီး   ၃ ရက်ဆက်တိုက်  ဗုံးကြဲရာ   ကလေးများအပါအဝင် အရပ်သား ၃၇ ဦး သေဆုံး၊ ဒဏ်ရာရသူ ၅၀ ကျော်ရှိသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းမြစ်များထံက သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းအချို့ နှင့် လူနေအိမ်များ ပျက်စီးခဲ့သလို ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့ ၊ ကလေးနှင့် ကိုယ်ဝန်ဆောင်အပါအဝင် လူ ရာနှင့်ချီသေဆုံးထားသည်။

Related Articles

Back to top button