သတင်း

လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကရင်ပြည်နယ် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်

အာဏာသိမ်းစစ်ကောင်စီတပ်က KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ဒေပူနိုရွာ၌ ယမန်နေ့ည (မတ် ၂၈) တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာသားတစ်ဦး ဒဏ်ရာ ရခဲ့သည်။

ယမန်နေ့ (မတ် ၂၈) ည ၁၁ နာရီ မိနစ် ၄၀ မှ နောက်တစ်နေ့ နံနက် ၃ နာရီခွဲအချိန်ထိ သုံးကြိမ်တိုင်တိုင် စစ်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်ခိုက်မှုအတွင်း ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး မီးလောင်ပျက်စီးခဲ့သည့် အိမ်ခြေအရေအတွက်ကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်း မြန်မာ-ထိုင်း နယ်စပ်နေ ကရင်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

“သေဆုံးမှုတော့ မရှိပါဘူး။ တစ်ဦးပဲ ထိခိုက်ဒဏ်ရာရတာပါ။ အဲဒီလောက်ပဲ သိရသေးတယ်။ သူတို့ကို နောက်ထပ် ဆက်သွယ်လို့မရသေးဘူး” ဟု အဆိုပါ ရွာသားက ပြောသည်။ 

တိုက်ခိုက်နိုင်ခြေရှိသည်ဟု သတင်းရသောကြောင့် ယမန်နေ့ (မတ် ၂၈) မွန်းလွဲပိုင်းကတည်းက မယ်နုထာ၊ ဟိုကေ၊ အီးတူထာ ရွာတို့မှ အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဖက်ဆစ်တော်လှန်ရေးနေ့ မတ် ၂၇ တွင်လည်း မူတြော်ခရိုင် တပ်မဟာ ၅ ဌာနချုပ်ကို အာဏာသိမ်းစစ်အုပ်စုက လေယာဉ် ၂ စင်းဖြင့် ညလုံးပေါက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် ရွာသား ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်ရှိ ကျေးရွာ ၇ ရွာတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွာသား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း KNU က ဆိုသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO)  ယနေ့ သတင်းထုတ်ပြန်ချက်တွင်လည်း ရွာသား တစ်သောင်းကျော်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ တောထဲသို့ ထွက်ပြေးခဲ့ပြီး သုံးထောင်ကျော်မှာ ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်အဖြစ်ခိုလှုံရန် ထွက်ပြေးခဲ့ရကြောင်း ဖော်ပြထားသည်။

ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ကာ ဖြိုခွဲမှုများ ပြုလုပ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို 

KNU က ပြင်းပြင်းထန်ထန် ရှုတ်ချနေပြီး  စစ်ကောင်စီ၏ ကရင်ပြည်နယ်အတွင်း တပ်စခန်းငယ်တစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည်။ 

Show More

Related Articles

Back to top button