
မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်သတ်ဖြတ်မှု များကြောင့် နိုင်ငံတစ်ဝန်း ကျဆုံးသူ ၁၀၀ ကျော်ရှိခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေး ၁၁ ဦးပါဝင်ပြီး တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးမှာ မျက်စိတစ်ဖက် ဆုံးရှုံးခဲ့ရသည်။
အသက်မပြည့်သေးသူ ၁၆ အောက် ကလေးငယ်များမှာ ဆန္ဒပြပွဲတွင် ပစ်ခတ်ခံရခြင်း မဟုတ်ဘဲ နေအိမ်နှင့် အနီးတစ်ဝိုက်တွင် အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထိုနေ့က စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူ အသက်မပြည့်သေးသူများမှာ မော်လမြိုင်မှ အသက် ၁၁ နှစ်အရွယ် မအေးမြတ်သူ၊ ရွေဘိုမြို့မှ ၁၂ နှစ်အရွယ် မောင်ထူးမြတ်ဝင်း၊ မိတ္ထီလာမှ ၁၃ နှစ် အရွယ် မပန်းအိဖြူ၊ ရန်ကုန် မင်္ဂလာတောင်ညွန့်မှ ၁၃ နှစ်အရွယ် စိုင်းဝေယံ၊ မြင်းခြံမြို့မှ ၁၄ နှစ်အရွယ် မောင်ဟိန်းဝင်းထွဋ်၊ အသက် ၁၅ နှစ်အရွယ် အမရပူရမှ မောင်ဝေဖြိုးနောင်နှင့် ကော့သောင်းမြို့မှ မောင်ရန်ပိုင်ဦးတို့ဖြစ်သည်။
မတ္တရာမြို့တွင် ၁၇ နှစ်အရွယ် မောင်စိုးမြတ်မင်း၊ ပုသိမ်မြို့တွင် ၁၆ နှစ်သား မောင်မျိုးဟန်၊ မောင်ထက်မြတ်သွင်နှင့် မောင်လွင်ကို၊ မူဆယ်မြို့တွင် ၁၆ နှစ်သား မောင်ရဲရင့်နိုင်တို့သည်လည်း စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ကျဆုံးခဲ့သည့် မောင်ထက်မြတ်သွင်ကို ယမန်နေ့တွင် အစ္စလာမ်ဘာသာဝင် များ၏ ဓလေ့ထုံးတမ်းအတိုင်း ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကလေးကတော့ ဆုံးသွားပြီ။ ကျွန်မရဲ့ အစ်ကိုတစ်ယောက်ကလည်း စစ်သား။ ၈၈ မှာ သူပုန်တွေ တိုက်လို့ သေတယ်။ ကျွန်မသားလေးကတော့ စစ်သားတွေသတ်လို့သေတာပေါ့နော် စစ်သားတွေ သတ်လို့သေတာ” ဟု မောင်ထက်မြတ်သွင်၏ မိခင် ဒေါ်သော်တာထွန်းက ပြောရင်းအသံများ တိမ်ဝင်သွားသည်။
မောင်ထက်မြတ်သွင်သည် မွေးချင်းသုံးဦးတွင် အငယ်ဆုံးဖြစ်ပြီး ယခုနှစ်ကျောင်းဖွင့်လျှင် ၁၀ တန်း တက်ရန် စောင့်ဆိုင်းနေသူဖြစ်သည်။

ပုသိမ်မြို့တွင် ကျဆုံးခဲ့သည့် မောင်မျိုးဟန်ကိုလည်း ကျဆုံးသည့်နေ့တွင်ပင် သင်္ဂြိုဟ်ခဲ့ပြီး ပုသိမ်မြို့ ဘန့်ဘွေးကုန်းလမ်းတွင် ပြည်သူက ထိန်းသိမ်းထားသည့် အရပ်ဝတ်စစ်သားကို စစ်တပ်နှင့်ရဲက လာရောက်ခေါ်ဆောင်ချိန် ပစ်ခတ်ရာတွင် ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ပုသိမ်အခြေစိုက် Delta News Agency ကဆိုသည်။
ရန်ကုန် မင်္ဂလာတောင်ညွန့် မီးရထားရပ်ကွက်နေ ၁၃ နှစ်သား မောင်စိုင်းဝေယံကို နေ့လယ် ၂ နာရီခန့်တွင် မီးရထားအိမ်ရာဝင်းအတွင်း ရုတ်တရက်ရောက်ရှိလာသော လက်နက်ကိုင်များက ပစ်ခတ်ခဲ့ပြီး ဦးခေါင်းနောက်စေ့ ကျည်မှန်ကာ ကျဆုံးခဲ့သည်။
ဟိန္ဒူဘာသာဝင် မောင်စိုင်းဝေယံ၏ အလောင်းကို လက်နက်ကိုင်များက ဆွဲယူသွားပြီး ယနေ့ (မတ် ၂၈) တွင်မှ မင်္ဂလာဒုံစစ်ဆေးရုံတွင် သွားရောက်ထုတ်ယူခဲ့ကြောင်း အဘွားလေးဖြစ်သူက Myanmar Now ကို ပြောသည်။
“သေနတ်ဖောက်သံကြားတော့ ကစားနေရင်းပြေးတာ ပြေးတော့ထိသွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် နောက်ထပ်ကလေးတစ်ဦးမှာ ရွှေဘိုမြို့မှ အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်းဖြစ်ပြီး ၎င်း၏ဈာပနကို ယနေ့တွင် ပြုလုပ်ခဲ့သည်။
“ကလေးက လာမယ့်ဧပြီလမှာ ရှင်ပြုဖို့ အကုန်လုံးစီစဉ်ထားပြီးပြီ။ ရှင်လောင်းဝတ်စုံလေးနဲ့ သူ့ဓာတ်ပုံနဲ့ ဖိတ်စာတွေဘာတွေ အကုန်ရိုက်ထားပြီးပြီ” ဟု အိမ်နီးချင်းတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရပြီး လဲကျနေသည့် မောင်ထူးမြတ်ဝင်းကို ကားပေါ်တွင်တင်ဆောင်ကာ ဖခင်ဖြစ်သူက သားငယ်အားဖက်ထားပြီး ‘ငါ့သားသေသွားတာ’ ဟု အကြိမ်ကြိမ်အော်ဟစ်ငိုကြွေးနေခဲ့သည်ကို တွေ့ရသည်။
ဖက်ဆစ်တော်လှန်ရေးနေ့တွင် ကျဆုံးသူ ကလေး ၁၁ ဦးအပြင် အသက် ၁ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ရထားလမ်းဘေးတွင် တစ်နှစ်အရွယ် မသင်းသော်တ ာထွန်းသည် စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၎င်း၏ အသက်တစ်နှစ်ပြည့်မွေးနေ့တွင် မျက်စိတစ်ဖက်ဆုံးရှုံးခဲ့ရသည်။
“သူတို့(လက်နက်ကိုင်)တွေက ပစ်ရင်းပစ်ရင်းနဲ့ ရောက်လာတာ ပစ်သံတော့ကြားတယ်။ ကလေးကို ရင်ဘတ်ပေါ်တင်ရင်း ချီပြီးလှုပ်နေရင်းနဲ့ ကလေးမျက်လုံးထဲကသွေးတွေကျလာမှသိတယ် မျက်လုံး ထဲကျည်ဆန်ဝင်သွားတာ” ဟု မိခင်ဖြစ်သူက Myanmar Now ကိုပြောသည်။
လက်နက်ကိုင်များ ပစ်ခတ်လိုက်သော ရာဘာကျည်သည် ကလေး၏ ညာဘက်မျက်လုံးထဲသို့ စိုက်ဝင်သွားသည်ဟု မိခင်ဖြစ်သူ မမိုးမိုးခိုင်က ဆိုသည်။
“မျက်လုံးက ထုတ်ရမှာတဲ့ ကျည်ဆန်ဝင်သွားပြီဆိုကတည်းက ပေါက်သွားပြီ ကျည်ဆန်တောင်မှ နားရွက်နဲ့ နားထင်အောက်မှာ ရှိသေးတယ်” ဟု ကလေး၏ အခြေအနေကို ပြောပြသည်။
ရထားလမ်းဘေး ကျူးကျော်တဲနေ အသက် ၂၅ နှစ်အရွယ် မမိုးမိုးခိုင်တွင် သားသမီး သုံးဦးရှိပြီး ခင်ပွန်းဖြစ်သူမှာ ဈေးထဲတွင် ငါးရောင်းခြင်းဖြင့် အသက်မွေးသည်။
“မပြောပါနဲ့တော့ အရူးတောင်ဖြစ်တော့မယ်” ဟု မမိုးမိုးခိုင်က ရင်သွေး၏ ထိခိုက်ဒဏ်ရာရမှုအပေါ် ၎င်းခံစားရပုံကို ပြောပြသည်။
မတ် ၂၇ တွင် ခွဲစိတ်ပြီးနောက် ကလေး၏ မျက်လုံးကို မထုတ်လိုက်ရသော်လည်း အမြင်အာရုံ ကွယ်သွားပြီဖြစ်ကြောင်း၊ မျက်လုံးမှာ ပင်ကိုအတိုင်းမဟုတ်တော့ဘဲ ပုံပျက်ကာ သိမ်သွားမည်ဟု သိရသည်။
ကျန်ခဲ့သော ရာဘာကျည်ကို ကလေးကျန်းမာရေးကောင်းလာသည့်အချိန်တွင် ခွဲထုတ်မည်ဟု ဆရာဝန်က မှာခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
အာဏာသိမ်းပြီး ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ နှစ်လနီးပါးအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မျ ား သည် ဆန္ဒပြသူများအပါအဝင် ပြည်သူများကို နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ပစ်ခတ်နှိမ်နင်း လျက်ရှိရာ အနည်းဆုံး လူဦးရေ ၄၀၀ ခန့် ကျဆုံးခဲ့ပြီဖြစ်သည်။
ကျဆုံးသူများထဲတွင် အမည်နှင့်အသက်အတည်ပြုနိုင်သည့် ၁၈ နှစ်အောက် ကလေး အနည်းဆုံး ၂၇ ဦးပါဝင်ပြီး အလောင်းဖျောက်ဖျက်ခံရသည့် ဖြစ်စဉ်များရှိနေသည့်အတွက် ယခုထက် အရေအတွက် ပိုများနိုင်သည်။
ကလေးအများစုသည် ၎င်းတို့နေအိမ်တွင်းနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပစ်ခတ်မှု ကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။