
မြန်မာမင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော် မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ကိုဆောင်းသည် ရတနာပုံအဝေးသင်တက္ကသိုလ်တွင် တက်ရောက်ရင်း မိဘလက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်လာသည်။
ပစ်ခတ်မှုနှင့် ရင်ဆိုင်ရသည့်အခါ မန္တလေးရှိ အခြားလူငယ်များကဲ့သို့ပင် ကိုဆောင်းသည် ကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများကို ရှေ့တန်းမှ ခုခံကာကွယ်ရသူတစ်ဦး ဖြစ်လာခဲ့သည်။
မြို့အသီးသီးတွင် အကြမ်းဖက်ခံနေရချိန်တွင် ကလေးငယ်တို့အပါအဝင် အရပ်သားများ နေ့စဉ် ပစ်သတ်ခံနေရသောကြောင့် ကိုဆောင်းအပါအဝင် လူငယ်တချို့သည် ဆောင်ထားကြသည့် လက်လုပ်ဒိုင်းကာများ၊ လောက်လေးခွများ၊ ဓာတ်ဆီပုလင်းဗုံး (Molotov) အစား ရိုင်ဖယ်သေနတ်ကိုင်နိုင်ရန် နယ်စပ်ဒေသသို့ ထွက်ခွာကြတော့သည်။
“ကျွန်တော်တို့ ဆက်ပြီး ဆန္ဒပြနေရုံ၊ ခုခံနေရုံ၊ Molotov တွေ သုံးနေရုံနဲ့ မရတော့ဘူးဗျ။ သူတို့ဘက်က လက်နက်ပြန်လုဖို့ ဆိုတာကလည်း တော်တော်ခဲယဉ်းတဲ့ကိစ္စ။ ကျွန်တော်တို့ (လက်နက်တွေကို) အသုံးမပြုနိုင်ဘူး။ ဒါကြောင့် သူတို့ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချပြီး ထွက်လာခဲ့တာပါပဲ” ဟု အသက် ၂၄ နှစ်အရွယ် ကိုဆောင်းက ပြန်ပြောင်းပြောပြသည်။
လမ်းပေါ်တွင် အနာခံ၊ အသေခံကာ အာဏာသိမ်းမှုကို ဆန့်ကျင်သူအများအပြား ရှိနေသကဲ့သို့ ကိုဆောင်းကဲ့သို့ ရာနှင့်ချီ ရှိနိုင်သည့် လူငယ်များလည်း အကြမ်းဖက်စစ်ကောင်စီကို ခုခံရန်၊ ပြည်သူတို့ကို ပိုမိုထိရောက်စွာ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသအသီးသီးသို့ ရောက်သွားကြသည်။
ဖက်ဒရယ်တပ်ကို ငံ့လင့်နေသည့် ဒဏ်ရာရ လူငယ်
၎င်းတို့ထဲမှ အများစုမှာ ဆန္ဒပြနေသူများကို စစ်အုပ်စု၏ သနားကြင်နာမှုကင်းမဲ့စွာ အကြမ်းဖက်သတ်ဖြတ်နေမှုများကို တွေ့မြင်ခံစားခဲ့ရသူများဖြစ်ပြီး တချို့မှာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားကြသည်။
ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူများထဲတွင် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှ ၂၄ နှစ်အရွယ် ကိုမင်းမင်းလည်း ပါဝင်သည်။
ရန်ကုန်၏ ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်သည့် လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် ဒုတိယမြောက်နေ့ မတ် ၁၅ တွင် ကိုမင်းမင်းသည် ၎င်း၏ ဆိုင်ကယ်ဖြင့် ဘုရင့်နောင်တံတားအနီးသို့ အလုပ်အကိုင်တစ်ခုအတွက် ရောက်ရှိစဉ် ခါးအောက်ပိုင်းကို ရာဘာကျည် ၂ ချက်ထိမှန်ခဲ့သည်။
လှိုင်သာယာဆေးရုံတွင် မျက်လုံးကျည်ဆန်ထိမှန်သူ၊ ဝမ်းဗိုက်ကျည်ထိပြီး အူထွက်ကျနေသူများဖြင့် ပြည့်နှက်နေကာ လူနာများ၏ ညည်းညူသံ၊ လူနာရှင်များ၏ ငိုကြွေးသံများဖြင့် ဆူညံနေသည်ဟု ကိုမင်းမင်းက ပြောပြသည်။
သူကိုယ်တိုင်လည်း ဒဏ်ရာကြောင့် သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေခဲ့ရသည်။
မတ် ၁၄ ရက်နေ့မှ ၁၈ ရက်အတွင်း လှိုင်သာယာ အရှေ့နှင့်အနောက် မြို့နယ်နှစ်ခု အကြမ်းဖက်ပစ်ခတ်မှုတွင် ကျဆုံးသူ ၅၈ ဦး ရှိပြီး ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိသည်ဟု လှိုင်သာယာဆေးရုံအာဏာပိုင်များက Myanmar Now ကို အတည်ပြုသည်။
လှိုင်သာယာအခြေစိုက် လူမှုကူညီရေးအသင်းများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများကမူ အခြားနေရာများတွင် ကုသမှုခံယူခြင်း၊ အလောင်းပျောက်ခြင်းတို့သည် ထိုဆေးရုံ၏ စာရင်းထဲတွင် ပါဝင်မည်မဟုတ်ဟု ပြောကြသည်။ ပစ်ခတ်သူတို့က ဒဏ်ရာရသူ၊ သေဆုံးသူတို့ကို ကားပေါ်ဆွဲတင်သွားတတ်သဖြင့် ထိုသို့ ပြောဆိုကြခြင်းဖြစ်သည်။
လှိုင်သာယာဆေးရုံတွင် ခံစားခဲ့ရသည့် ဝေဒနာများ၊ ဆေးရုံမှ အတွေ့အကြုံများကို မေ့ပျောက်သွားမည်မဟုတ်ဘဲ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်လာပါက စစ်မှုထမ်းရန် ရည်ရွယ်ထားကြောင်း၊ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ရင်ဆိုင်ပစ်ခတ်လိုကြောင်း ကိုမင်းမင်းက ဆိုသည်။
“ကျွန်တော်တို့လည်း တစ်နေ့မှာ ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရင် အဲ့ဒီကောင်တွေကို ပြန်ပြီးချေမှုန်းချင်တယ်။ သူတို့နဲ့ စစ်မြေပြင်မှာ သေနတ်ကို သေနတ်ချင်း ရင်ဆိုင်တွေ့ချင်တယ်။ ပြန်တိုက်ခိုက်ချင်တယ်။ ဘယ်တော့မှ ကျေနပ်မှာလည်း မဟုတ်ဘူး” ဟု ဒဏ်ရာကြောင့် လဲလျောင်းနေရာမှ အားယူရင်း ၎င်းက ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများမှ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်များရှိရာ တောင်တန်းဒေသသို့ သွားရောက်ကြရာတွင် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းကြရသည်။
နိုင်ငံရေးသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုဦးဆောင်သူများကို အာဏာသိမ်းစစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိရာ ရန်ကုန်မှ နယ်စပ်ဒေသသို့သွားသည့် လမ်းတွင် စစ်ဆေးရေးဂိတ်များက ခရီးသည်တို့ကို စစ်ဆေးမေးမြန်းနေပြီး တစ်ခါတစ်ရံ မော်တော်ယာဉ်ကိုပါ အသေးစိတ် ရှာဖွေစစ်ဆေးတတ်သည်။
ထိုသို့ ပိတ်ဆို့ရှာဖွေရာတွင် NLD ပါတီဝင်တချို့အပါအဝင် လူငယ် ၁၄ ဦးကို ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ဖမ်းဆီးလိုက်သည်ဟု စစ်ကောင်စီ၏ အာဘော်သတင်းစာက မတ် ၂၂ တွင် ဖော်ပြထားသည်။ စစ်ပညာသင်ကြားရန် တိုင်းရင်းသားလက်နက်ကိုင်ဒေသတစ်ခုသို့ သွားရောက်မည့်သူများဖြစ်သည်ဟု စွပ်စွဲရေးသားခဲ့သည်။
ထိုသို့ ပိတ်ဆို့ရှာဖွေတတ်သည်ဟူသော သတင်းထွက်နေသော်လည်း မြို့ပြမှ လူငယ်တို့သည် မိသားစုနှင့် ဇာတိကို နေ့စဉ်နှင့်အမျှ စွန့်ခွာနေကြသည်။
“လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ကြွေးကြော်တာနဲ့ ပစ်သတ်ခံရဖို့က သေချာသလောက်ဖြစ်နေတယ်” ဟု တိုင်းရင်းသားလက်နက်ကိုင်တပ်တစ်ခုသို့ ခရီးနှင်နေသည့် တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။
လူငယ်တို့ ချိတ်ဆက်ရန် ကြိုးစားနေကြသည့် တိုင်းရင်းသားအဖွဲ့တစ်ခုမှာ အောက်မြန်မာပြည်တွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ရောက်ရှိလာသူများထဲမှ အများအပြားသည် နယ်စပ်တွင်ပင် လမ်းဆုံးသွားခဲ့သည့် အတွေ့အကြုံများရှိခဲ့ဖူးသည့်အတွက် မြို့ပေါ်တိုက်ပွဲများ ဆင်နွှဲရန်သာ အကြံပြုလိုကြောင်း KNU ဗဟိုကော်မတီအမြဲတမ်းအဖွဲ့ဝင် ဖဒိုစောသမိန်ထွန်းက ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို မတ် ၂၀ ရက်နေ့က ဖြေကြားသည်။
“ပြည်တွင်းကသူက ပြည်တွင်းနေ။ ဒီခေတ်က နည်းပညာခေတ်။ သူတို့လုပ်တတ်ရမယ်။ ပြောရမယ်ဆိုရင် မြို့ပြတိုက်ပွဲကို နားလည်ရမယ်ဗျာ” ဟု ၎င်းက သုံးသပ်သည်။

အလှမ်းဝေးနေဆဲ ဖက်ဒရယ်တပ်
အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများကို ခုခံကာကွယ်ရန်နှင့် ဖက်ဒရယ်တပ်မတော်တစ်ရပ်တည်ထောင်ရန် ရည်ရွယ်ပြီး ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်ရန် ခုခံပိုင်ခွင့်လုပ်ငန်းစဉ်တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုအစီအမံများကို ရပ်ကွက်၊ ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိ အကောင်အထည်ဖော်ဖွဲ့စည်းကာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်သည်ဟု CRPH က ဆိုသည်။
CRPH ၏ ထိုထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်တွင် ဒေသတချို့တွင် ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသက် ၂၅ နှစ်အရွယ် ကိုအောင်အောင်သည် လှိုင်သာယာမှ မြို့နယ်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ကိုအောင်အောင်က သူနှင့် နီးစပ်သူတချို့သည် စစ်မှုထမ်းရန် စိတ်အားထက်သန်နေကြသည်ဟု ပြောသည်။
“ဖက်ဒရယ်တပ်မတော်တည်ထောင်မယ်ဆိုရင် ဒီတပ်မတော်ထဲကို ဝင်ရောက်ဖို့ လူငယ်တွေကလည်း အဆင်သင့်ဖြစ်နေကြပြီလို့ ကျွန်တော်ယူဆပါတယ်။ လူငယ်တွေကလည်း အရမ်းကို စိတ်အားတက်ကြွနေကြပါတယ်” ဟု ၎င်းက ပြောသည်။
အကြမ်းဖက်သတ်ဖြတ်မှုကို လက်နက်ကိုင်ရင်ဆိုင်ရန် လူငယ်အများစုက စိတ်လှုပ်ရှားနေကြသော်လည်း လက်တွေ့အခြေအနေတွင် CRPH သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စတင် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည်။
ပြည်သူ့အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖက်ဒရယ်တပ်မတော်တည်ထောင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အသေးစိတ်ညှိနှိုင်းသွားရမည်ဖြစ်သည်ဟု DVB သတင်းဌာနကို ဖြေကြားခဲ့သည်။
“ဒီ Institution (အဖွဲ့အစည်း) ကို လက်တွေ့တည်ထောင်ပြီး သွားကြဖို့ ဆိုတာကတော့ ကျွန်မတို့ အချိန်တစ်ခုယူရဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
CRPH သည် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ယုံကြည်နိုင်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးဖြင့် ဖိတ်ခေါ်ဆွေးနွေးရန် လိုအပ်နေသည်ဟု KNU တပ်မဟာ ၅ ၏ ပြောခွင့်ရ ဖဒိုမန်းမန်းက BBC သတင်းဌာနကို ပြောကြားထားသည်။
“CRPH က ဦးဆောင်မယ်ဆိုရင်လည်း ဦးဆောင်၊ CRPH က မဦးဆောင်နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သမိုင်းပေးတာဝန်အရ ကိုယ့်ဟာကို တပ်ပေါင်းစုဖွဲ့ပြီးဦးဆောင်ရမှာတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုတွင် စစ်ပညာသင်နေသည့် ကိုဆောင်းက CRPH ၏ ထုတ်ပြန်ချက်များမှာ လေလှိုင်းပေါ်တွင်သာ ရှိနေပြီး ဖက်ဒရယ်တပ်မတော်နှင့် ပတ်သက်သည့် ပိုမိုတိကျသည့် ထုတ်ပြန်ချက်များကို လက်နက်ကိုင်တိုက်ခိုက်လိုသည့် လူငယ်များထံသို့ သတင်းစကားပါးရန် လိုအပ်သည်ဟု ယူဆသည်။
“အခုကျတော့ လေလှိုင်းထဲမှာ ဖြစ်နေတယ်။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ ဘယ်သူခေါင်းဆောင်မယ်မှန်းလည်း မသိဘူး။ ဘယ်လိုစုစည်းမှာလည်း မသိတဲ့အခါကျတော့ အဲ့ဒါကိုတော့ ကျွန်တော် မယုံကြည်ဘူးဗျ” ဟု ကိုဆောင်းက ၎င်း၏ခံစားချက်ကို ပွင့်လင်းစွာပြောလိုက်သည်။
(ဆောင်းပါးပါ လူငယ်တို့နှင့် မိသားစုဝင်များ၏ လုံခြုံရေးအတွက် အမည်များကို ပြောင်းလဲထားပါသည်)