
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက မတ် ၂၈ ညနေပိုင်းတွင် ပစ်ခတ်ဖြိုခွဲသည့်အတွက် အရပ်သားပြည်သူ ၄ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆန္ဒပြပြည်သူများက သဲအိတ်အတားအဆီးများပြု လုပ်ပြီး ဆန္ဒပြကြသည့်ခံတပ်ကို လက်နက်ကိုင်များက နေ့လယ် ၂ နာရီဝန်းကျင်မှစ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသည့် Women for Justice အဖွဲ့မှ မအားခူမှာ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာဖြင့် ညနေ ၄ နာရီ ဝန်းကျင်တွင် ကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်းရင်းမြစ်တချို့က ကိုဆန်းသဲအာ၊ ကိုသားချစ် နှင့် ကိုထန်ဟောင်လျန်တို့လည်း ဒဏ်ရာများဖြင့် ယနေ့ညနေပိုင်းတွင် ကျဆုံးခဲ့ကြောင်း ပြောကြသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အသံဗုံး၊ လက်ပစ်ဗုံးနှင့် စက်သေနတ်များ အသုံးပြုပြီး ပစ်ခတ်ဖြိုခွဲခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် ဒေသခံတို့က ပြောသည်။
အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ပစ်ခတ်မှုအပေါ် တာဟန်းသပိတ်စခန်းမှ ပြည်သူများကလည်း အမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးသေနတ်ဖြင့် ပြန်လည်ခုခံသည့်အတွက် လက်နက်ကိုင်များဘက်ကလည်း သေဆုံး ဒဏ်ရာရကြသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ပြီး ပြေးလွှားနေရသည့် ဒေသခံတချို့က ပြောသည်။
“သူတို့ဘက်ကလည်း အကျအဆုံးတွေ ရှိတယ်။ ဆေးရုံမှာလည်း ဒဏ်ရာရတဲ့သူတွေ ရောက်နေတယ် ကြားပါတယ် “ ဟု ကလေးမြို့ ဒေသခံ တစ်ဦးက Myanmar Now ကို ပြောသည်။
ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ကျန်းမာရေး လုပ်သားများကလည်း အကြမ်းဖက်ခံရမှုရန်မှ လွတ်ကင်းစေရန် ပုန်းရှောင် လုပ်ကိုင်နေရသဖြင့် မြေပြင်အခြေအနေကို မေးမြန်းရန် ဆက်သွယ်၍ မရသေးပေ။
လက်နက်ကိုင်တပ်များက တာဟန်းခံတပ်ကိုပစ်ခတ်ဖြိုခွဲပြီးနောက် ညပိုင်းအထိ ရပ်ကွက်များအတွင်း လှည့်လည် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
ပစ်ခတ်မှုများပြားသည့် မြို့နယ်များထဲတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့လည်း ပါ၀င်သည်။