အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လေကြောင်းရန်ကြောင့် ကရင် ရွာသား ထောင်ချီ တိမ်းရှောင်ရ

အာဏာသိမ်းစစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်မည့်သတင်းကြောင့် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် အီတူးထာနှင့် အနီးအနားကျေးရွာမှ ရွာသား ၃၀၀၀ ကျော်သည် ယနေ့ (မတ် ၂၈) မွန်းလွဲပိုင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

“တချို့က ထိုင်းဘက်ကိုထွက်ပြေးတယ်၊ တချို့က တောထဲကိုထွက်ပြေးတာလည်းရှိတယ်။ ဒီညနေမှာ စစ်လေယာဉ်နဲ့ လာတိုက်မယ်လို့ သတင်းကြားလို့ ထွက်ပြေးကြတာ” ဟု အီတူးထာရွာအနီးနေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

အီတူးထာကျေးရွာတွင် ရွာသား ၂၄၀၀ ကျော်နေထိုင်ပြီး မြန်မာ-ထိုင်း နယ်စပ် သံလွင်မြစ်ကမ်း တစ်လျှောက် လူဦးရေ ၅၀၀၀ ခန့်ရှိကြောင်း ၎င်းကပြောသည်။ 

စစ်ကောင်စီတပ်များသည် မွန်းလွဲပိုင်း ၃ နာရီ ကျော်အချိန်တွင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ခိုးဂေရွာနှင့် အနီးတဝိုက်တွင် လေကြောင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ရွာသားများ အချိန်မီတိမ်းရှောင်နိုင်ခဲ့သဖြင့် နေအိမ်များသာ မီးလောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ဗုံးခွဲတိုက်ခိုက်ချိန်တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် ခိုးဂေရွာတစ်ရွာတည်းမှသာ သတင်းရရှိခဲ့ပြီး ဗုံးခွဲခံရသည့် နယ်မြေဧရိယာ ယခုထက်ပိုများနိုင်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။

ယမန်နေ့ (မတ် ၂၇) နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ သီးမူထာအခြေစိုက် တပ်စခန်းကို  KNU ၏ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူကာ  စစ်သားတချို့ကို ဖမ်းဆီးလိုက်သည်။ ညပိုင်းတွင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ထီးဆွယ်နီးကျေးရွာနှင့် အနီးတဝိုကျကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်။

လေယာဉ်နှစ်စင်းဖြင့်  ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားအချို့ ထိခိုက်သေဆုံးခဲ့ပြီး ရွာသားအမြောက်အမြားထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button