သတင်း

လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်မှု ဒီမိုက​ရေစီ ၁၂ နိုင်ငံမှ ကာကွယ်​ရေးဦးစီးချုပ်များကန့်ကွက်

မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ၏ လက်နက်မဲ့ပြည်သူများအပေါ် သေစေလောက်သော အင်အားများအသုံးပြုခြင်းအ​ပေါ် အ​မေရီကန်အပါအဝင် ဒီမိုက​ရေစီ နိုင်ငံ ၁၂ နိုင်ငံမှ
ကာကွယ်​ရေးဦးစီးချုပ်များက ကန့်ကွက်ရှုတ်ချလိုက်သည်။

ပူးတွဲကြေညာချက်ကို ဩစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်တို့၏ ကာကွယ်ရေးဦးစီးချုပ်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အရည်အချင်းပြည့်၀သော တပ်မတော်တစ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ကျင့်ဝတ်စံနှုန်းများကိုလိုက်နာပြီး ၎င်းတို့အလုပ်အကျွေးပြုရသည့် ပြည်သူလူထုအပေါ် အန္တရာယ်ပြုရန်မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရန်ရမည့် တာဝန်ရှိသည်” ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန်နှင့် ပြည်သူလူထု၏ လေးစားမှု၊ ယုံကြည်လက်ခံနိုင်မှုပြန်လည်ရရှိရေး အတွက်လုပ်ဆောင်ရန် မြန်မာ့စစ်တပ်ကို အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံ ၁၂ နိုင်ငံက တိုက်တွန်းလိုက်သည်။

ယမန်နေ့တွင် ကျရောက်သော ၇၆ ကြိမ်မြောက်တပ်မတော်နေ့သည် အကြမ်းဖက်ခြင်း၊ ဂုဏ်သိက္ခာကင်းမဲ့ခြင်းနေ့တစ်နေ့အဖြစ် အစဉ်အမြဲမှတ်တမ်းဝင်နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည့်အပြင် ရန်ကုန်အခြေစိုက်သံရုံးအချို့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုကို သတ်ဖြတ်မှုများအား ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ထို့ပြင် အ​မေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါကလည်း​ ကြေညာချက်ထုတ်ပြန်ရာ မြန်မာ့တပ်မတော်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များသည် ၎င်းတို့ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားသည့် ကလေးများအပါအဝင်လက်နက်မဲ့ပြည်သူများကို နိုင်ငံတစ်ဝန်း၌ သတ်ဖြတ်နေပါသည်။ ဤသွေးမြေကျမှုမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဤလုပ်ရပ်များသည် အရည်အချင်းပြည့်ဝသော တပ်မတော်တစ်ရပ် သို့မဟုတ် ရဲတပ်ဖွဲ့၏လုပ်ရပ်များမဟုတ်ပါ။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုကြောင်း မြန်မာပြည်သူလူထုက ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ အကြမ်းဖက်နေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်ပေးရန် မိမိတို့တောင်းဆိုလိုက်သည်ဟု ယ​မန်​နေ့က ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် လက်နက်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော် ယမန်နေ့(မတ် ၂၇ ရက်)တွင် အသက်ဆုံးရှုံးခဲ့ပြီး အပြင်းအထန်ဒဏ်ရရှိမှုများလည်း ရှိခဲ့သည်။

Show More

Related Articles

Back to top button