တချို့က လမ်းမပေါ်စားပွဲခုံလေးတွေ ချခင်းပြီး စားသောက်ကုန်မျိုးစုံ စုပုံတင်ထားတယ်။ တချို့ကတော့ စားသောက်ကုန်တွေ ကားပေါ်တင်လာပြီး ကားကို လမ်းဘေးရပ်၊ ကားနောက်ဖုံးတွေ ဖွင့်ထားကြတယ်။
နေရာဒေသနဲ့ အခြေအနေပေါ်မူတည်ပြီး အထိုင်ချထားသူ၊ ရွေ့လျားသွားလာနိုင်အောင် စီမံထားသူ ဒါပဲကွာတယ်။ သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ပိုနေသူတွေရဲ့ လှူဒါန်းမှု လိုနေသူတွေလက်ထက်ရောက်သွားဖို့ဟာ သူတို့ရဲ့ ဦးတည်ချက်ဖြစ်နေလို့ပါ။
မြန်မာနိုင်ငံသူနိုင်ငံသားတွေအဖို့ တော်လှန်ရေးကာလဖြစ်တာနဲ့အညီ ဒီကာလအတွင်း လိုအပ် ချက်တွေဟာလည်း ကဏ္ဍပေါင်းစုံမှာ ရှိနေပါတယ်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းမှုကြောင့် အလုပ်တွေ ပုံမှန်လည်ပတ်ဖို့ အခွင့်မသာသေးတာမို့ အများစုက ဝင်ငွေ မရှိကြပါဘူး။ ဒါကြောင့်မို့ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ ဦးတည်ဆောင်ရွက်တဲ့ ဒီအစီအစဉ်ပေါ်ပေါက်လာတာဖြစ်တဲ့အကြောင်း ပါဝင်ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
“အဓိကကတော့ ဒီကာလမှာ စားဝတ်နေရေးလိုအပ်နေသူတွေထံ ပိုနေတဲ့သူတွေဆီကနေ ပြန်လည်မျှဝေကြဖို့ ရည်ရွယ်တာဖြစ်ပါတယ်”လို့ မန္တလေးတိုင်း မိတ္ထီလာမြို့မှ ပြည်သာယာလူငယ်အဖွဲ့ဥက္ကဋ္ဌ ကိုသူရလွင်ဦးက ပြောပါတယ်။
အခုလက်ရှိမှာ ပိုရင်လှူ လိုရင်ယူဆိုတဲ့အစီအစဉ်ကို ဒေသအတော်များများမှာ လုပ်ဆောင်လာကြတာ တွေ့ ရပါတယ်။ မန္တလေးတိုင်းမှာဆိုရင် မိတ္ထီလာ၊ မိုးကုတ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေမှာ ပျဉ်းမနား၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ရန်ကုန်တိုင်းမှာ သင်္ဃန်းကျွန်း၊ သာကေတ၊ ရွှေပြည်သာ၊ တာမွေ စတဲ့မြို့နယ်တွေ ပါဝင်ကြပါတယ်။
ပြည်သာယာလူငယ်အသင်းအနေနဲ့ လှူဒါန်းမှုတွေမလုပ်ခင် တစ်ရက်အလိုမှာ နယ်မြေကွင်းဆင်းတာတွေ လုပ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြေပြင်မှာ စားဝတ်နေရေး အမှန်တကယ်ခက်ခဲနေတဲ့ အိမ်ထောင်စု ဘယ်လောက်ရှိတယ်ဆိုတာ သိရအောင်ပါ။
အဲဒီလို ကွင်းဆင်းတဲ့အခါ ဘယ်ရွပ်ကွက် ဘယ်လမ်းမှာ မိသားစုဘယ်နှစု လိုအပ်ချက်ရှိတယ်ဆိုတာ သိလာရတယ်လို့ လူငယ်အသင်းက ပြောပါတယ်။ ကောက်ယူရရှိလာတဲ့ စာရင်းနဲ့ လှူမယ့် ကုန်ပစ္စည်းပမာဏကို အချိုးချပါတယ်။
အိမ်ထောင်စုနဲ့ အလှူပစ္စည်းချိန်သားကိုက်ပြီးသွားရင်တော့ တိုကင်နံပါတ်ပြားလေးတွေ သတ်မှတ် ပါတယ်။ အိမ်ထောင်စုတစ် ခုအတွက် နံပါတ်ပြားတစ်ခုစီ ကြိုတင်ပေးပို့ထားလိုက်ပါတယ်။ တိုကင်ပြားလည်းဝေပြီး အလှူပစ္စည်းလည်း ခွဲဝေပြီးပြီဆိုတာနဲ့ နောက်တစ်ရက်မှာ ဝေငှပေးမယ့် ရပ်ကွက်ထိပ် စုရပ်သတ်မှတ်ပြီး လိုအပ်သူတွေယူနိုင်အောင် ကိုသူရလွင်ဦးတို့ အသင်းက စီစဉ်ပေးပါတယ်။
“ပြန်လည်မျှဝေတဲ့အခါမှာ လူကြိုက် သလောက်လာခဲ့။ ကျွန်တော်တို့က တိုကင်ပါတဲ့သူကိုပဲ ပေးတာ။ ပထမရက်မှာကတည်းက မြေပြင်ကွင်းဆင်းထားတာဖြစ်လို့ အမှန်တကယ်ဆင်းရဲပြီး လိုအပ်တဲ့အိမ်တွေကိုပဲ နံပါတ်ပြားပေးပြီးသား။ အဲဒါကြောင့် လာတဲ့အခါ နံပါတ်ပြားယူလာ၊ ပြီးတော့ ကျွန်တော်တို့ စုရပ်မှာ အဲဒီကတ်ပြားနဲ့ ပစ္စည်းလာထုတ်၊ အဲဒီပုံစံလုပ်ပေးပါတယ်”
ဆန်ဘယ်နှအိတ်၊ ဆီဘယ်နှပုံးစသဖြင့် များများလှူနိုင်သူရှိသလို တချို့လည်း ဆန်တစ်အိတ်၊ ကြက်သွန်တစ်အိတ်စသဖြင့် တစ်နိုင်တစ်ပိုင်လှူဒါန်းကြတာပါ။ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် အလှူရှင်တွေ ကျေနပ်အားရစေဖို့နဲ့ လိုအပ်သူတွေ အထောက်အပံ့ဖြစ်စေဖို့ အဆင်ပြေအောင် အကျိုးဆောင်ပေးနေကြပါတယ်။
မိတ္ထီလာမှာတော့ ဒီအစီအစဉ်အတွက် ပြည်သာယာလူငယ်အဖွဲ့နဲ့အတူ မြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့လေးငါးဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးနေကြတာပါ။
ပြည်သူမှ ပြည်သူသို့ အကျိုးဆောင်ပေးနေကြသူတွေဟာလည်း လူငယ် အများစုဖြစ်ကြတာကို တွေ့ရပါတယ်။ မြစ်ကြီးနားလူငယ်အဖွဲ့၊ မိုးကုတ် လူငယ်၊ ရန်ကုန်ရွှေပြည်သာဆိုရင် လိုရင်ယူ၊ ပိုရင်လှူ ပရဟိတဈေးကား စသဖြင့် ဒေသအလိုက် အစုအဖွဲ့လေးတွေနဲ့ လှုပ်ရှားနေကြတာပါ။
ရွှေပြည်သာမြို့နယ်မှာ ကူညီနေသူတစ်ဦးဖြစ်တဲ့ မခင်မျိုးထက်က တစ်နိုင်တစ်ပိုင် ဝိုင်းလုပ်နေကြတယ်လို့ ပြောပါတယ်။
“လောလောဆယ် ကျွန်မနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့သူတွေထဲမှာ ၄၀ ဝန်းကျင် အစ်မတချို့ ပါဝင်ပေမဲ့ အများစုက လူငယ်တွေပါ။ ကိုယ့်အစီအစဉ်လေးနဲ့ကို လက်လှမ်းမီသမျှ အလှူငွေကောက်ခံရင်း ဘယ်နေရာတွေမှာ လိုအပ်နေတယ်၊ ဘယ်လိုပုံစံ မျှဝေလှူဒါန်းသွားမယ်ဆိုတာ အစီအစဉ်ဆွဲနေပါတယ်”
လတ်တလောစုံစမ်းသိရှိရတဲ့ မြေပြင်သတင်းအချက်အလက်တွေအရ ပျဉ်းမနား၊ မြစ်ကြီးနား၊ မိုးကုတ် စတဲ့မြို့နယ်တွေမှာတော့ လမ်းမပေါ် စားပွဲခုံတွေချခင်းပြီး ပိုနေသူတွေရဲ့အလှူကို လိုသူတွေလက်ထဲရောက်အောင် ဆောင်ကြဉ်းနေကြပါတယ်။
ရွေ့လျားပုံစံနဲ့ မျှဝေနေကြတာကတော့ သင်္ဃန်းကျွန်း၊ သာကေတ စတဲ့မြို့နယ်တွေပဲ ဖြစ်ပါတယ်။ သည်မြို့နယ်တွေမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာ လိုက်ထရပ်လိုကားမျိုးတွေနဲ့ ကုန်ပစ္စည်းတွေတင်ပြီး လိုအပ်သူတွေရှိရာ အရောက်သွားကြတာပါ။ ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ ဂေါ်ဖီထုပ်စတဲ့ စားသောက်ကုန်တွေကို အချိုးကျ ပုံစံခွဲဝေပေးပါတယ်။
ဒီကနေ့(မတ်လ ၂၈)ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၅၅ ရက် တင်းတင်း ရှိလာပါပြီ။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM လို့ ခေါ်ကြတဲ့ အကြမ်းမဖက် အာ ဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လို့ လုပ်ခလစာမရကြတဲ့ ပြည်သူ့ဝန်ထမ်းတွေရှိသလို စစ်တပ်ကအာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေရပ်နားပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ ပြည်သူတွေလည်း ဒုနဲ့ဒေးရှိနေတာ တွေ့ရမှာပါ။
ဥပဒေစိုးမိုးရေး၊ ပြည်သူလူထု လုံခြုံရေးအတွက် တာဝန်ရှိသူများက ပြည်သူလူထုကို ရန်ပြုပစ်ခတ်မှု ပိုမိုပြင်းထန်လာနေပါတယ်။ ရာနှင့်ချီ သေဆုံး၊ ထောင်နှင့်ချီ ဖမ်းဆီးခံနေရချိန်မှာ ပြည်သူတွေဟာ သူတို့တောင်းဆိုနေတဲ့ ပြည်သူ့အာဏာ ပြည်သူပြန်ရရေး၊ နွေဦးတော်လှန်ရေးကာလမို့ ပြည်သူအချင်းချင်း ပြစ်တင်ညည်းညူမနေဘဲ အချင်းချင်းဖေးကူနေကြတာကို သိသိသာသာ တွေ့ရမှာပါ။ ဒုက္ခဆင်းရဲတွေ ကြားကပဲ ပန်းတိုင်ရောက်အောင် ဆက်သွားကြဖို့ ဆန္ဒရှိနေကြတာကို တွေ့မြင်ကြရပါတယ်။
ငွေကြေးအဆင်ပြေသူတချို့ဟာ ငွေကိုချွေတာနေရပြီး နဂိုကတည်းက တစ်နေ့လုပ်မှ တစ်နေ့စားရသူတချို့ကတော့ စားဝတ်နေရေး ခက်ခဲလာတယ်လို့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က ပရဟိတလူငယ် မခင်မျိုးထက်က ဆိုပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေမျှော်မှန်းတဲ့ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ရာ ပိုရင်လှူ၊ လိုရင်ယူဆိုတဲ့အစီအစဉ်တွေ မြို့နယ်တိုင်းမှာ ပေါ်ပေါက်လာသင့်တယ်လို့ သူက ပြောပါတယ်။
“ခုဆိုရင် အောက်ခြေပြည်သူတွေအတွက် တကယ်လည်း လိုအပ်နေတယ်။ အဲဒီလိုအပ်ချက်ကို ပိုတဲ့သူတွေရော မပိုပေမဲ့ ဝေမျှပေးနိုင်သေးတယ်ဆိုတဲ့သူတွေရော လှူပေးကြစေချင်ပါတယ်” လို့ မခင်မျိုးထက်က တိုက်တွန်းလိုက်ပါတယ်။