သတင်း

စစ်တပ်၏ လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ကျောက်တံခါးတွင် လယ်သမားတစ်ဦး ကျဆုံး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဆေးရိုးခင်ကျေးရွာတွင် ယမန်နေ့ (မတ် ၂၅) ညနေပိုင်းက စစ်ကောင်စီ လက်နက်ကိုင်များ အကြမ်းဖက် ပစ်ခတ်မှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ပူးပေါင်းလမ်းပြသဖြင့် အသက် ၆၀ ကျော်အရွယ် လယ်သမားတစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

မတ် ၂၅ ညနေ ၅ နာရီခွဲတွင် အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီ လက်နက်ကိုင်များ ရွာထဲသို့ဝင်လာစဉ် ပေါ်တာဆွဲမည်ထင်သဖြင့် ရွာသားများ ထွက်ပြေးချိန်၌ နေအိမ်အနောက်ဘက် လယ်ကွင်းသို့ ထွက်ပြေးသည့် ဦးရဲဝင်း (အသက် ၆၂ နှစ်) အား ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မျက်မြင်ကိုယ်တွေ့ တွေ့ရတာပါ။ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးက နောက်ကနေလိုက်ပြီးပစ်ခိုင်းတာပါ။ သူတို့နှစ်ယောက်က အသည်းအသန် လိုက်ပစ်ခိုင်းတဲ့အချိန်မှာ လူတစ်ယောက်တော့ ကျသွားပြီဆိုပြီး ပထမတော့ မူးလဲတယ်ပြောတယ်။ နောက်တော့မှ ခြေထောက်ထိသွားတယ်ဆိုပြီး (အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးက) ရွာထဲကို ထမ်းပိုးတွေ သွားယူတယ်” ဟု မျက်မြင်တွေ့ရှိသူ ရွာခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးရဲဝင်းအား ပစ်ခတ်ရန် ညွှန်ပြပေးခဲ့သူများမှာ အုပ်ချုပ်ရေးမှူး ဦထွန်းထွန်းနိုင်နှင့် ရာအိမ်မှူး ဦးညွန့်ဝင်းတို့ဖြစ်ပြီး စစ်ကောင်စီက အသစ်ခန့်အပ်သော အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည်ဟု အဆိုပါရွာခံတစ်ဦးက ပြောသည်။ 

ထိုအချိန်တွင် တစ်ရွာလုံးပုန်းအောင်းနေရပြီး ဒဏ်ရာရသူ မည်သူမည်ဝါမှန်းမသိသေးဘဲ ကယ်ဆယ်ခွင့်လည်းမရခဲ့ကြောင်း၊ အချိန်တစ်နာရီခွဲခန့်ကြာမှ ဒဏ်ရာရရှိသူမှာ ကျောက်တံခါးမြို့နယ်ဆေးရုံသို့ ရောက်ရှိနေသည်ကို သိခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ဟို (ဆေးရုံ) ရောက်တော့ သေနတ်နဲ့ပစ်ထားတာ (ခါးနောက်ကနေဗိုက်ကို) ထုတ်ချင်းပေါက်ပဲ၊ ဝမ်းတွင်းကလီစာတွေ ထွက်နေတယ်၊ အဲ့ကနေပြီးတော့ ဒီမှာမရဘူးဆိုပြီး တောင်ငူစစ်ဆေးရုံကို လွှဲလိုက်တယ်” ဟု ဦးရဲဝင်း၏ သမီးဖြစ်သူ ဒေါ်အိအိခိုင်က ပြောသည်။

အခြေအနေမကောင်းသဖြင့် တောင်ငူစစ်ဆေးရုံမှ နေပြည်တော်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ မတ် ၂၆ နံနက် တစ်နာရီခွဲအချိန်တွင် ကျဆုံးခဲ့ကြောင်း ၎င်းကပြောသည်။

မတ် ၂၅ ညပိုင်းတွင် သေဆုံးသူဦးရဲဝင်း၏ သမီးနောက်တစ်ဦးဖြစ်သူ ဒေါ်သီတာစိုးနှင့် ရွာသား ဦးမောင်တင်ငြိမ်း၊ ကိုဂေါ်လေးတို့ကိုပါ လက်နက်ကိုင်များက ကျောက်တံခါး ရဲစခန်းသို့ ဖမ်းဆီးသွားပြီး ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

ဦးရဲဝင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်တွင် ပထမဆုံးကျဆုံးသူဖြစ်ပြီး ၎င်း၏ နာရေးကို သန်ဘက်ခါ (မတ် ၂၈) ၁၂ နာရီအချိန်တွင် လိုက်ပါပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 

ကျဆုံးသူ လယ်သမား ဦးရဲဝင်းသည် သားသမီး ၆ ဦး ရှိပြီး ၎င်း၏ အစ်ကိုနှင့်ညီဖြစ်သူတို့သည် အခြားအဆင့် စစ်မှုထမ်းဟောင်းများဖြစ်ကာ အစ်ကိုဖြစ်သူမှာ ရှမ်းပြည်နယ်တွင် တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

 

Show More

Related Articles

Back to top button