သတင်း

တောင်ဒဂုံတွင် စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူနှစ်ဦး ကျဆုံး၊ ၁၀ ဦးနီးပါးဒဏ်ရာရခဲ့ 

တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ယမန်နေ့ (မတ် ၂၅) ညပိုင်းက စစ်အာဏာရှင်ဆန့်ရေး ဆုတောင်းပွဲပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းပစ်ခတ်ဖြိုခွင်းခဲ့ရာ ပြည်သူနှစ်ဦး ကျဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ညပိုင်းက ပစ်ခတ်ဖြိုခွဲမှုအတွင်း အသက် ၂၈ နှစ်အရွယ် ကိုနိုင်ရဲလင်းမှာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၃၂ နှစ်အရွယ် ကိုအောင်ထွန်းအေးမှာ ပေါင်ကိုကျည်ထိမှန် ပြီးနောက် သွေးထွက်လွန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တောင်ဒဂုံဒေသခံများက ပြောသည်။ 

“တပ်က အလောင်းလာလုပ်မှာစိုးလို့ မိသားစုဝင်တွေက နှစ်ဦးစလုံးကို ဒီမနက်ပဲ အားချင်းသင်္ဂြိုဟ် လိုက်ရတယ်” ဟု တောင်ဒဂုံဒေသခံတစ်ဦးက ပြောသည်။ 

အမှတ် ၇၂ ရပ်ကွက် စစ်အာဏာရှင်ဆန့်ကျင်ရေး ညပိုင်းဆုတောင်းပွဲကို ည ၉ နာရီခွဲဝန်းကျင်တွင် ဖြိုခွင်းပြီးနောက် ရပ်ကွက်နေလူထုက ဝန်းရံသည့်အခါ လက်နက်ကိုင်ဆုတ်ခွာသွားပြီး မကြာမီ စစ်ကားများ ထပ်မံရောက်ရှိလာကာ ဝန်းရံသူပြည်သူများကို ပစ်ခတ်ဖြိုခွဲခဲ့ခြင်းဖြစ်သည်။ 

လက်နက်ကိုင်တပ်များက ကျည်အစစ်အသုံးပြုပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသူနှစ်ဦးအပြင် အရပ် သားပြည်သူ ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ကာ ဝမ်းဗိုက်ကျည်ထိမှန်သူမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

အာဏာသိမ်းပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း လက်နက်ကိုင်တပ်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် အရပ်သားပြည်သူ ၃၂၀ ဦးထိရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button