သတင်း

သန်လျင်တံတားစီမံကိန်းတွင် MEC နှင့် လက်တွဲဖြုတ်ရန် တောင်းဆို

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သန်လျင်တံတားသစ်တည်ဆောက် ရေးစီမံကိန်းတွင် စစ်တပ်ပိုင် မြန်မားစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် လက်တွဲဖြုတ်ရန် စီမံကိန်းအင် ဂျင်နီယာအချို့က တောင်းဆိုလိုက်သည်။ 

ရန်ကုန် − သန်လျင်တံတားသစ်တည်ဆောက်ရေးစီမံကိန်းတွင် အသုံးပြုမည့်သံမဏိသံပေါင်များကို ဂျပန်ကုမ္ပဏီ Yokogawa နှင့် MEC လက်အောက်ခံ အမှတ် (၂) မြောင်းတကာ သံမဏိစက်ရုံတို့ ပူးတွဲ ထုတ်လုပ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စီမံကိန်းအင်ဂျင်နီယာတစ်ဦးက Myanmar Now ကို ပြောသည်။ 

စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့က စစ်တပ်လက်အောက်ခံ စီးပွားရေးလုပ်ငန်းများကို အမည်ပျက်စာရင်းသွင်းကာ အရေးယူဒဏ်ခတ်မှုများ ပြုလုပ်နေသော်လည်း ဂျပန် အစိုးရ၏ JICA အနေဖြင့် MEC နှင့် လက်တွဲဖြုတ်မည့် လက္ခဏာမရှိကြောင်း အဆိုပါ အင်ဂျင်နီယာ က ပြောသည်။

“အဓိက ဆက်သွယ်နေတာက MEC နဲ့တည့်တည့်သွားဆက်သွယ်နေတဲ့အတွက် အစကတော့ ဘာမှမဖြစ်ဘူး။ တစ်လပိုင်းအထိပေါ့လေ။ အခုထိဆက်ဆံနေတဲ့အခါကျတော့ ကျွန်တော်က အများပြည်သူကို သိစေချင်တယ်။ JICA ကိုလည်း ဖိအားပေးစေချင်တယ်။ သံတမန်ရေးအရ (စစ်အာဏာသိမ်းမှုကို) ရှုတ်ချတယ်ပြောပြီးတော့ ဒီဘက်မှာကျတော့ လုပ်ငန်းတွေ တွဲလုပ်နေတာမျိုး တွေရှိတယ်” ဟု ၎င်းက ဆိုသည်။

 

တံတားတည်ဆောက်ရေးသုံးပုံနှစ်ပုံအတွက် လိုအပ်သည့် သံမဏိသံပေါင်များကို (MEC) လက်အောက်ခံ စက်ရုံမှ ရယူအသုံးပြုခြင်းဖြစ်ပြီး ကျပ်သန်းနှင့်ချီသည့် ငွေကြေးအကျိုးအမြတ်များကို MEC လက်အောက်ခံ စက်ရုံကသာ အဓိကရရှိမည်ဖြစ်ကြောင်း အဆိုပါ အင်ဂျင်နီယာ ကဆိုသည်။

MEC ကလုပ်ကိုင်ခွင့်ရသည့် သံမဏိစက်ရုံများအနက် မှော်ဘီမြို့နယ် မြောင်းတကာ အမှတ်(၂) သံမဏိစက်ရုံတွင် ဂျပန်ကုမ္ပဏီ Yokogawa က ရုံးခွဲတစ်ခုဖွင့်လှစ်ကာ ဂျပန်ပညာရှင်များက သံပေါင်များ ကြီးကြပ်ထုတ်လုပ်နေပြီး လက်ရှိအချိန်ထိဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြည်သူ့ဝန်ထမ်းများက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေကြချိန် ဂျပန်ကုမ္ပဏီအနေဖြင့် MEC နှင့်တွဲ၍ စီမံကိန်းဆက်လက် အကောင်အထည်ဖော်ခြင်းမှာ စစ်ကောင်စီကို အထောက်အပံ့ပေးရာရောက်ကြောင်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။

ဂျပန်နိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် မြန်မာဘက်မှထည့်ဝင်ငွေ ၄၀ ဒသမ ၆၆၆ သန်း စုစုပေါင်း ၃၂၃ ဒသမ ၂၀၆ သန်းကုန်ကျမည့် အဆိုပါတံတားစီမံကိန်းကို ၂၀၁၉ ဖေဖော်ဝါရီ တွင်စတင်ခဲ့ပြီး ၂၀၂၃ တွင်အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်။ 

တံတားအရှည် ၁,၉၂၈ မီတာရှိပြီး သန်လျင်-ရန်ကုန်ကြား တိုးပွားလာသည့် ယာဉ်ကြောကျပ်မှုကို ဖြေရှင်းရန်နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်မှ အချိန်တိုအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့လာရန် တည်ဆောက်ခြင်းဖြစ်သည်ဟု JICA က ပြောဆိုထားသည်။
 

Show More

Related Articles

Back to top button