သတင်း

အကြမ်းဖက်ပစ်ခတ်မှုကြောင့် မိုးညှင်းတွင် နည်းပညာကျောင်းသားတစ်ဦး ကျဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်တပ်နှင့်ရဲ ပူးပေါင်း အဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် တစ်ဦး သေဆုံးပြီးနောက် မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှ အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်း ကျည်ထိမှန်ပြီး သေဆုံးခဲ့သည်။ 

ယမန်နေ့ (မတ် ၂၅) နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းခဲ့ရာ အသက် ၄၀ နှစ်အရွယ် လူတစ်ဦး ဝမ်းဗိုက် ကျည်ဆန် ထိမှန် သေဆုံးခဲ့ပြီးနောက် လူငယ်တစ်ဦးပါ ဦးခေါင်းထိမှန်သေဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ မိုးညှင်းဒေသခံများက  Myanmar Now ကို ပြောသည်။ 

“နောက်တစ်ယောက်က ထွက်ပြေးရင်း တံတားအောက်မှာ ပုန်းအောင်းနေတုန်း ပစ်ခတ်ခံရတာပါ။ ဦးခေါင်းကို ကျည်ဆန် ထိမှန်ပြီး ကျဆုံးသွားပါတယ်” ဟု ဒဏ်ရာရသူများကို ကျန်းမာရေး အကူအညီပေးနေသည့် မိုးညှင်းမြို့ရှိ လူမှုကူညီရေးအသင်းက Myanmar Now ကို အတည်ပြုသည်။

မိုးညှင်းမြို့တွင် ပုံမှန်ပြုလုပ်နေသည့် လမ်းလျှောက်သပိတ်ကို စစ်ကောင်စီတပ်များက မတ် ၂၅ နံနက်ပိုင်း၌ ဝင်ရောက်ဖြိုခွင်းပြီး ဆန္ဒပြသူ ၉ ဦးကို ဖမ်းဆီးသွားခဲ့သောကြောင့် ၎င်းတို့အား ပြန်လွှတ်ပေးရန် မြို့ခံများက  မိုးညှင်းရဲစခန်းရှေ့တွင် တောင်းဆိုနေစဉ် ထိုသို့ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးခေါင်း ကျည်ဆန်ထိမှန် ကျဆုံးသွားသူမှာ မြစ်ကြီးနား နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ အသက် ၂၀ ကျော်အရွယ်ရှိ ကိုစိုးနိုင်ထွန်းဖြစ်သည်။ 

မိုးညှင်းတွင် ယမန်နေ့က စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦး သေဆုံးပြီး ဒဏ်ရာ ပြင်းထန်သူ ၄ ဦးအထိ ရှိလာပြီ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ၊ ဖမ်းဆီးခံရသူ အရေအတွက်နှင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ ထပ်မံတိုးလာနိုင်ဖွယ်ရှိပြီး Myanmar Now က ထပ်မံ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ယမန်နေ့ (မတ် ၂၅) က စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၄ ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ၂ ဦး၊ ပဲခူးတိုင်း ဖြူးမြို့တွင် ၂ ဦး နှင့် ကျောက်တံခါး မြို့တွင် ၁ ဦး၊ စစ်ကိုင်းတိုင်း တမူးမြို့တွင် ၁ ဦးနှင့် ခင်ဦးမြို့တွင်  ၂ ဦး၊ တောင်ဒဂုံမြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၃ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူများလည်း အများအပြားရှိသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့တွင် အကြမ်းဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ 

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း မတ် ၂၅ အထိ ကျဆုံးခဲ့ရသူစုစုပေါင်း ၃၂၀ ဦး ရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ထုတ်ပြန်ထားသည်။ 

Related Articles

Back to top button