သတင်း

ငလျင်ဘေး ၄ ရက်ကျော်ကြာ ပိတ်မိ ပျောက်ဆုံးနေသူများအတွက် ပိုမိုစိုးရိမ်လာရ 

မန္တလေးတိုင်း ငလျင်အပျက်အစီးထဲမှ ၄၀၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်၊ ရုပ်အလောင်း ၂၅၉ ခု သယ်ထုတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနက ပြောသည်။ ဆက်လက် ပိတ်မိနေသူများလည်း ရှိနေသည်။

မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း တို့တွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော အင်အားပြင်းငလျင်ဘေးအတွင်း လူအများအပြား ပျောက်ဆုံးနေသည်မှာ  ၄ ရက်ကျော်လာပြီဖြစ်၍ စိုးရိမ်မှုများ မြင့်တက်နေလျက်ရှိသည်။  

ငလျင် အစပြုသည့် မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ပြီး ပြိုကျအဆောက်အဦးများထဲတွင် ၎င်းတို့ ပိတ်မိနေမှု  နာရီပေါင်း ၁၀၀ ခန့် ရှိလာပြီဖြစ်သည်။  

လူနေထူထပ်ပြီး အထပ်မြင့်အဆောက်အအုံပြိုကျမှုများပြားသော မန္တလေးမြို့သည် ယခုငလျင်ဘေးအတွင်း လူအသေအပျောက်အများဆုံး နှင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး မြို့ဖြစ်သည်။    

ငလျင်ဗဟိုချက်မဖြစ်သော၊ ဆက်သွယ်ရေး ပိုမိုခက်ခဲသော စစ်ကိုင်းမြို့၏ ထိခိုက်မှု အခြေအနေကို များစွာ မသိရသေးပေ။

မန္တလေးရှိ ပြိုကျပျက်စီးနေသော အဆောက်အဦများအောက်တွင် ပိတ်မိနေသူတို့ အသက်ရှင်သန်နိုင်ချေနည်းပါး သွားခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းဆက်လုပ်ကိုင်ရန် အခက်အခဲရှိလာသလို ကယ်ဆယ်ရေးသမားများ အတွက်ပါ အန္တရာယ်ရှိစေနိုင်ခြင်းတို့ကြောင့်  ကယ်ဆယ်ရေးလုပ်ငန်းတချို့ကို စတင်ရပ်နားထားရသည်ဟု မြန်မာနိုင်ငံကူညီကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း) မှ တာဝန်ရှိသူတစ်ဦးက Myanamr Now သို့ ပြောသည်။  

ရုပ်အလောင်းတစ်ခု ထုတ်ယူရန် ကယ်ဆယ်ရေးအဖွဲ့တို့က နာရီနှင့်ချီ ခက်ခက်ခဲဲခဲ ဆောင်ရွက်နေရသည်ဟု သူက ပြောပြသည်။   

ငလျင်ကြောင့် ထိခိုက်မှုများအနက်  Sky Villa ကွန်ဒို၊ ဂရိတ်ဝေါဟိုတယ်  နှင့်  ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦး ပြိုကျမှုတို့သည် မန္တလေးတွင် လူအသေအပျောက်အများဆုံးနေရာများဖြစ်လာသည်။   

မန္တလေးမြို့မြေပြင်အခြေအနေသိရှိသူတစ်ဦးက  ၎င်း၏ အသိမိတ်ဆွေတချို့မှာ ဆွေမျိုးသားချင်းများ အပျက်အစီးများအတွင်း ပိတ်မိ၊ ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ မည့်သည်သတင်းအချက်အလက်မျှမရရှိကြကြောင်း ပြောပြသည်။

“ တချို့ကယ်ထုတ်နိုင်တဲ့ သူတွေကလည်း ဆေးရုံရောက်မှ ဆုံးပါးသွားတဲ့ သူတွေလည်းရှိတော့ စိုးရိမ်မှု တွေကတော့ ပိုမြင့်တက်နေတာပေါ့။ အခုက ၇၂ နာရီတော့ကျော်ပြီ ဒါပေမဲ့ ၇ ရက် တစ်ပတ် ၁၀ ရက် လောက်အထိ အသက်ရှင်နိုင်တာပဲဆိုတဲ့ မျှော်လင့်ချက်က ရှိနေသေးတဲ့ သူတွေကလည်းက ထပ်ပြီး မျှော် လင့်နေတုန်းပေါ့” ဟု သူက Myanmar Now သို့ ပြောသည်။   

ငလျင်ဘေးကြောင့် သေဆုံးသူ အများအပြားရှိသည့် ယခုရက်ပိုင်းတွင်  နာရေးသတင်းများ ဆက်တိုက် ကြားသိနေရသည်၊ သေဆုံးသူများထဲတွင် ၎င်းနှင့် သိကျွမ်းသူတို့၏ မိသားစုဝင်များလည်း ပါဝင်သဖြင့် စိတ်ထိခိုက်နေရသည်ဟု သူက ဆက်ပြောသည်။ 

ကူညီရေးအဖွဲ့များ လုပ်ငန်းအပြီးသတ်ရပ် နားထားခြင်းမျိုးမရှိသော်လည်း အန္တရာယ်များသော၊ အသက်ရှင်ကျန်ရစ်သူ နည်းပါးသော နေရာတချို့တွင် ရှာဖွေမှုများ စတင်ရပ်နားလျက်ရှိသည်။ 

ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် မန္တလေးမြို့တွင် အင်အားပျော့ ငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ပြီး အဆောက်အဦတချို့ပြိုကျသွားသည်၊ ဒေသခံများမှာ မိမိနေအိမ်တွင်း ပြန်လည်နေထိုင်ကြ ခြင်းမရှိသေး၍ အန္တရာယ်ကင်းကြောင်း စုံစမ်းသိရှိရသည်။ 

ဦးလှသိန်းသာသနာ့ဗိမာန်ပြိုကျသည့် နေရာမှ  နှစ်ရက်အတွင်း သံဃာအပါး ၅၀ ခန့်၏ ရုပ်ကလာပ်များ သယ်ယူပြီးဖြစ်ကြောင်း၊  ရုပ်အလောင်းများ ရှာဖွေထုတ်ယူရဦးမည် ဖြစ်ကြောင်း   ယမန်နေ့ (မတ် ၃၁ ရက်) မွန်းတည့်ချိန်တွင် ထိုနေရာရောက်ရှိနေသူများ ထံက သိရသည်။ 

“ ဦးလှသိန်းဗိမ္မာန်ရောက်တဲ့အခါကျတော့ ကယ်ဆယ်ရေးလုပ်နေတဲ့နေရာကို စဝင်လိုက်တာနဲ့ အပုပ်နံ့တွေ ရနေတာ။ အပုပ်နံ့တွေ အများကြီးထွက်လာတာပေါ့။ တကယ်ဆိုးဆိုးရွားရွားကို ထွက်တယ်။ Mask ကို ၃ ထပ်လောက် တပ်ရတယ်။ ၃ ထပ်လောက်တပ်ပြီး သွားတာတောင်မှ လေကြောင်းသင့်ရင် (အနံ့က) ပိုဆိုး တယ်ပေါ့။ ရာသီဥတုကလည်းပြင်းတော့ ဒီအနံံတွေက တကယ်ကို ဆိုးနေတယ်ပေါ့” ဟု ထိုနေရာသို့ ရောက်ရှိခဲ့သည် တစ်ဦးက ဆိုသည်။  

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၅ လမ်း ( ၃၄ လမ်းနှင့် ၃၅ လမ်းကြား) အထပ် ၅ ထပ်ရှိ တိုးချဲ့ ဆောင်နေရာတွင် စာဖြေ သံဃာတော် အပါး ၂၇၀ ခန့် စာမေးပွဲဖြေဆိုနေကြစဉ် ငလျင်ကြောင့်ပြိုကျခဲ့ပြီး အပါး ၇၀ ခန့်သာ ထွက်ပြေး လွတ်မြောက်ကာ အပါး ၂၀၀ ခန့် ပိတ်မိသွားခြင်း ဖြစ်သည်ဟု သိရသည်။  

ထိုကျန်ရှိနေသူများသည် အသက်ရှင်နေနိုင်ရန် မျှော်လင့်ချက် နည်းပါးနေပြီဟု ကယ်ဆယ်ရေးသမားများ ပြောဆိုချက်ကို ကိုးကားပြီး သူက Myanmar Now သို့ ပြောသည်။   

ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ ထိုနေရာတွင် မီးသတ်သမား ၅၅ ဦးနှင့်အတူ ဟောင်ကောင်မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ကူညီရှာဖွေနေကြ သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။  

ကယ်ဆယ်ရေးသမားများသည် အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေသော်လည်း လူအများပိတ်မိနေသော အဆောက်အဦများ၏ အောက်ပိုင်းအထိ ရောက်ရှိရန်ခက်ခဲသည်၊ နည်းပညာ နှင့် စက်ယန္တရား နည်းပါးခြင်းကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အကန့်အသတ်ဖြစ်စေသည်ဟု မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ 

“အခုပျက်စီးဆုံးရှုံးမှု အခြေအနေက ကျွန်တော်တို့အတွက်လည်း ပထမဆုံးဆိုတော့ အခက်အခဲ​တွေက အများကြီးပဲ။ နောက်ပြီးတော့ ပြိုကျတဲ့ အဆောက်အဦးတွေက အထပ်မြင့်တွေကြီးပဲဆိုတော့ စက်ယန္တရားတွေ၊ လူအင်အားတွေ မလုံလောက်ဘူး။ အဆောက်အဦးအောက်မှာရှိနေတဲ့ ဘော်ဒီတွေ (ရုပ်အလောင်းတွေ) ကိုတောင် ခဲရာခဲဆစ်ထုတ်ရတဲ့ အပိုင်းတွေ။ အခက်အခဲတွေအများကြီးရှိတာပေါ့” ဟု သူက ဆိုသည်။  

မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦး ပြိုကျသွားသည့် နေရာမှ ရုပ်အလောင်းတစ်ခုကို ကယ်ဆယ်ရေးသမားက  မတ်လ ၃၁ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။  (ဓာတ်ပုံ- ဝီရိယ) 

မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီပေါင်း ၆၀ ကျော် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ၅ နှစ်အရွယ်ကလေးငယ်နှင့် အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို တရုတ်ကယ်ဆယ်ရေးအ ဖွဲ့က ယမန်နေ့ (မတ်လ ၃၁ ရက်) နံနက် ၅ နာရီကျော်တွင် ကယ်တင်နိုင်ခဲ့သည်။

ညလုံးပေါက် အင်တိုက်အားတိုက်ကယ်ဆယ်ခဲ့သည်ဟု ရန်ကုန် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ မတ်လ ၃၁ ရက် နံနက် ၁း၄၀ တွင်လည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ် (Great Wall Hotel)တွင် ပိတ်မိနေသူ အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု စစ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။

ထို့နောက်ပိုင်းတွင် အသက်ရှင်ကယ်ထုတ်လာနိုင်သည့် အခြေအနေများကို ထပ်မံထုတ်ပြန်လာခြင်းမရှိ သေးပေ။ 

မတ်လ ၂၈ ရက်နေ့ ငလျင်ဘေး စတင်ဖြစ်ပွားအချိန်မှ မတ်လ ၃၁ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း၌  လူပေါင်း ၄၀၃ ဦး အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၅၉ ဦး ၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားသည်။ 

လတ်တလောတွင် စစ်ကောင်စီ ထုတ်ပြန်ချက်အရ  ငလျင်ကြောင့် သေဆုံးသူပေါင်း ၂၀၆၅ ကျော်ရှိလာ ပြီး ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်ရှိသည်ဟု သိရသည်။ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ များတွင် အပျက်အစီများပြီး လျှပ်စစ်မီးလည်း မရဘဲဖြစ်နေသည်။ 

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က ပြင်းထန်သည့် မြန်မာငလျင်ကြောင့် လူဦးရေ တစ်သောင်းမှ တစ်သိန်းကြား သေဆုံးနိုင်ခြေရှိသည်ဟု မတ်လ ၂၉ ရက်နေ့တွင် ခန့်မှန်းထားသည်။ 

Related Articles

Back to top button