သတင်း

စစ်ကောင်စီက ဘဏ်များပြန်ဖွင့်ရန် တစ်ဆင့်ပြီးတစ်ဆင့် တင်းကျပ်နေ 

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မတ် ၈ နှင့် ၁၇ တွင် ပုဂ္ဂလိကဘဏ်များ မဖြစ်မနေ ဖွင့်လှစ်ရန် ဖိအားပေးခဲ့သော်လည်း မအောင်မြင်သဖြင့် ပုံမှန်ပြန်မဖွင့်သည့် ဘဏ်များကို ဒဏ်ရိုက်မည့်အပြင် လုပ်ငန်းခွင်ပြန်မဝင်သည့် ဘဏ်ဝန်ထမ်းများကိုပါ အရေးယူရန်အထိ စစ်ကောင်စီက အပြင်းအထန် ဖိအားပေးလာသည်။

ဖြစ်သည့်နည်းဖြင့် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ရန် အတင်းအကျပ် ဖိအားပေးနေသော်လည်း ဘဏ်ခွဲအနည်းငယ်သာ ဖွင့်လှစ်ပြီး ထောင်နှင့်ချီသည့်ဘဏ်ခွဲများ ပိတ်ထားဆဲဖြစ်သဖြင့် စစ်ကောင်စီက ၎င်းတို့ရည်မှန်းချက်အောင်မြင်ရန် ဘဏ်များကို ပိုမိုတင်းကျပ်ခြင်းဖြစ်သည်ဟု ဘဏ်အသိုင်းဝိုင်းက ဆိုသည်။

“ဝန်ထမ်းတွေက မဆင်းဘူးဆိုရင် သူတို့(ဘဏ်တွေ)လည်းဖွင့်လို့ မရဘူး။ ဝန်ထမ်းတွေက တကယ်လို့ တော်တော်အဆင်မပြေတဲ့လူက များတယ်၊ ဆင်းမယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ တော်တော်များ များက မဆင်းဘူး။ ဒဏ်ကြေးဆောင်မယ်ဆိုလည်း ဝန်ထမ်းလစာတွေ မပေးရဘူးလေ။ အဲ့ဒီထဲက ဆောင်ပေါ့” ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဗဟိုဘဏ်နှင့် နိုင်ငံပိုင် ဘဏ်ဝန်ထမ်းများနည်းတူ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်နေပြီး လစာမရရှိခြင်းနှင့် အလုပ်ပြုတ်ခြင်းတို့ ရင်ဆိုင်ရသည့်တိုင် စစ်ကောင်စီကို ဆက်လက်အန်တုနေသည့် ဘဏ်ဝန်ထမ်းအများအပြားရှိကြောင်း ၎င်းက ဆိုသည်။

ဘဏ်များပိတ်ပင်ထားခြင်းကြောင့် ငွေသားစီးဆင်းမှု ရပ်ဆိုင်းသွားသည့်အပြင် နိုင်ငံတကာကုန်သွယ်မှုများ ပြတ်တောက်သွားခြင်းကြောင့် ကုန်သွယ်မှုအခွန်အခများ ဆုံးရှုံးမည်ကို စိုးရိမ်းခြင်းကြောင့် စစ်ကောင်စီအနေဖြင့် အတင်းအကျပ် ဖိအားပေးခြင်းဖြစ်နိုင်သည်ဟု အဆိုပါ ဘဏ်ဝန်ထမ်း အမျိုးသမီးက ယူဆသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နေစဉ်ဖွင့်လှစ်လျက်ရှိသည့် ဘဏ်ခွဲအရေအတွက်ကို စစ်ဆေးမည်ဖြစ်ကာ ပုံမှန်ပြန်ဖွင့်ရန် ပျက်ကွက်သည့် ဘဏ်ခွဲအပေါ် ရာခိုင်နှုန်းဖြင့် ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း မတ် ၂၃ ရက်နေ့ ရက်စွဲဖြင့် ပြည်တွင်းဘဏ်များကို အသိပေးစာ ထုတ်ပြန်ထားသည်။

ဘဏ်ကြီး၊ ဘဏ်လတ်နှင့် ဘဏ်သေးဟူ၍ ခွဲခြားထားပြီး မဖွင့်လှစ်နိုင်သည့် ဘဏ်ခွဲအရေအတွက်ပေါ် အနည်းဆုံးကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၃၀၀ အထိ ဒဏ်ကြေးသတ်မှတ်ထားကြောင်း အသိပေးစာတွင် ပါရှိသည်။

ဘဏ်ခွဲပေါင်း ၄၉ ခု ဖွင့်လှစ်ခွင့်ရရှိထားသည့် မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် မတ် ၁၅ မှ ၁၉ အထိ ဘဏ်ခွဲ ၄၀ ရာခိုင်နှုန်းကျော် မဖွင့်လှစ်နိုင်သောကြောင့် ကျပ်သိန်း ၅၀ ကျော်ဒဏ်ရိုက်မည်ဖြစ်ပြီး ဗဟိုဘဏ်တွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းမှ ခုနှိမ်မည်ဖြစ်သည်ဟု အဆိုပါအသိပေးစာတွင် ပါရှိသည်။ 

ဘဏ်များအပြင် ငွေရေးကြေးရေးကုမ္ပဏီများနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီများမှ လုပ်ငန်းခွင်မဝင်သည့် ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန်၊ မဝင်ပါက အရေးယူရန်နှင့် အရေးယူထားသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ အခြားငွေရေးကြေးရေးအဖွဲ့အစည်းများကို ဖြန့်ဝေရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ညွှန်ကြားထားသည်။

စစ်ကောင်စီသည် ဘဏ်များဖွင့်လှစ်ရန် ဒဏ်တပ်ရိုက်ခြင်း၊ အကျပ်ကိုင်ခြင်းအပြင် ဘဏ်အကြီးအကဲများကို ဖမ်းဆီးပြီး အတင်းအကျပ်ဘဏ်ဖွင့်ခိုင်းမှုများရှိနေသည်ဟု Myanmar Now က သတင်းဖော်ပြပြီး ဖြစ်သည်။

အကျပ်အတည်းများရှိသော်လည်း အစိုးရဝန်ထမ်းများက CDM တွင် ဆက်လက်ပါဝင်နေချိန်တွင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအနေဖြင့် အရှိန်အဟုန်မပြတ် စစ်ကောင်စီကို ဆက်လက်အန်တုရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ခန့်အပ်ထားသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ခတ္တပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းထားသည်။ 

CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီသည် မျှော်လင့်မထားသည့် အခက်အခဲနှင့် အကျပ်အတည်းများ ကြုံနေရပြီး အကြမ်းဖက်လုပ်ရပ်များအပေါ် ပညာဉာဏ်ဖြင့် အာခံတော်လှန်ခြင်းမှာ ထိရောက်ကြောင်းလည်း ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button