
၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းအတွင်း ကျောက်ဆည်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့များတွင် သေဆုံးသူ ၆၀၀ နီးပါးရှိပြီး ဒဏ်ရာရသူ ထောင်ချီရှိသည်ဟု ဒေသအခြေစိုက် ကူညီကယ်ဆယ်ရေးအသင်းများထံက သိရသည်။
အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ကျောက်ဆည်တွင် ၁၀၇ ဦး၊ ဝမ်းတွင်းတွင် ၅၁ ဦး၊ မိတ္ထီလာ တွင် ၂၈ ဦး၊ ပျော်ဘွယ်တွင် ၂၀၀ ဦးနှင့် ရမည်သင်းတွင် ၂၀၀ ဦး စုစုပေါင်း ၅၈၆ဦး ရှိကြောင်း၊ စာရင်း ကျန်နေသူများလည်းရှိရာ ထိုပမာဏထက်များနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြုစုထားသည့် ယနေ့ (ဧပြီ ၁ ရက်) အထိစာရင်းများအရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များစွာ အခြေစိုက်သည့် မိတ္ထီလာမြို့မှလွဲ၍ ကျန်မြို့နယ် ၄ ခုတွင် ငလျင်ဒဏ်ကြောင့် လမ်းတံတားနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးပြီး မူကြိုကျောင်း၊ ဗလီနှင့် ရှေးဟောင်းနေအိမ်များ ပြိုကျမှုကြောင့် လူသေဆုံးမှုများကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောသည်။
ကျော်ဆည်မြို့ပေါ်ရှိ နေအိမ်အပျက်အစီးများကြားပိတ်မိနေသည့် အသက်ရှင်သူ၊ သေဆုံးသူများကို ယမန်နေ့(မတ် ၃၁) ရက်တွင် အပြီးသတ်ကယ်ထုတ်ခဲ့ပြီး ပုဂ္ဂလိကမူကြိုကျောင်းပြိုကျမှုတစ်ခုတည်း တွင် မူကြိုကျောင်းဆရာမ ၂ ဦးအပါဝင် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမား အမျိုးသားတစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့ပေါ်ရှိ ချည်မျှင်နှင့် အထည်ချုပ်စက်ရုံနှင့် နှစ်ထပ်အဆောက်အဦ လုံးဝပြိုကျခြင်းကြောင့် လူ ၉ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြောင်း၊ လူနေအိမ်နှင့်အဆောက်အဦများစွာ ပျက်စီးကြောင်း ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အခုလက်ရှိအနေအထားက ဆိုင်တွေဘာတွေလည်း ဖွင့်လို့အဆင်မပြေသေးဘူး။ အကုန်လုံးက ပြိုကျ ပျက်စီးသွားတယ်။ နောက်ဆုံး အဆောက်အဦတွေ မပျက်ရင်တောင်မှ အတွင်းထဲကဟာတွေက ငလျင် ဒဏ်ကြောင့် အကုန်လုံးကွဲစရာရှိတာကွဲပေါ့။ အကုန်လုံးဇောက်ထိုးမိုးမျှော်ဖြစ်ပေါ့” ဟု ၎င်းက ဆိုသည်။
စစ်တပ်မြို့ မိတ္ထီလာနှင့်နီးစသဖြင့် အစားအစာဝယ်ယူ၍ရသော်လည်း လျှပ်စစ်မီးပျက်နေ၍ သောက်ရေ သုံးရေရှိရန် ခက်ခဲနေသည်ဟု သိရသည်။ မိတ္ထီလာမြို့တွင် ငလျင်ကြောင့် အဆောက်အဦတချို့ပြိုကျ၍ လူထိခိုက်သေဆုံးမှုရှိသော်လည်း ပျက်စီးမှုမပြင်းထန်ကြောင်း သိရသည်။
အစ္စလာမ်ဘာသာဝင်အများအပြားနေထိုင်သည့် ပျော်ဘွယ်နှင့် ရမည်းသင်းတွင် သောကြာနေ့ ဗလီတွင် ဝတ်ပြုနေချိန် ငလျင်လှုပ်ခြင်းဖြစ်၍ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့ပေါ်တွင် ပြိုကျသွားသည့် ၅ ထပ်အမြင့်ရှိ ကမ္ဘောဇဘဏ်အဆောက်အဦထဲမှ သေဆုံး အလောင်းများထုတ်ယူနေပြီး မြို့ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးဆက်လုပ်နေကြောင်း ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“အဓိကက ရှေးအဆောက်အဦတွေပေါ့။ ရှေးအဆောက်အဦတွေ ပြိုကျတာပေါ့။ နောက်ပြီးတော့ သောကြာနေ့ အစ္စလာမ်ဘာသာဝင်တွေ ဘုရားသွားကျောင်းတက်တဲ့အချိန်ဖြစ်တော့ ဗလီတွေမှာ အစ္စလာမ်ဘာသာဝင်တွေအသေများပါတယ်။ နောက်ပြီးတော့ ကမ္ဘောဇဘဏ်မှာတော့ လက်ရှိ Dead Body တွေဆွဲထုတ်နေပါတယ်” ဟု ၎င်းက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
ရမည်းသင်းမြို့ပေါ်တွင်လည်း ရှေးဟောင်းဗလီကြီးများပြိုကျပျက်စီးပြီး လူထိခိုက်မှုများစွာရှိခဲ့သည်ဟု သိရသည်။
အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် စစ်ကိုင်း၊ မန္တလေး မကွေး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ပြီး မန္တလေးတိုင်းသည် ထိခိုက်မှုအများဆုံးဖြစ်သည်။
စစ်ကောင်စီ၏ ဧပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရသူ ၄,၀၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၄၀၀ ဦးရှိပြီဟု ဆိုသည်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နှင့် စစ်ခေါင်းဆောင်တို့ ဖုန်းပြောစဉ် ထိုအရေအတွက် ထည့်သွင်းပြောခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အစ္စလာမ်ဘာသာဝင် ၅၀၀ ဦးဝန်းကျင်ခန့် ပါဝင်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရသည့် မြန်မာလူထုသည် စစ်ဘေးဒဏ်အပြင် သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားရသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများကို ကုလသမဂ္ဂ၊ နိုင်ငံတကာက ကူညီသွားမည်ဟု ဆိုထားသည်။
