
ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သော မသန်စွမ်းအမျိုးသား တစ်ဦးသည် ၎င်း၏ဇာတိ ဟင်္သာတမြို့နယ်သို့ ပြန်လည်ရောက်ရှိချိန်တွင် Facebook အကောင့်ပြကာ ဖမ်းဆီးခံ ခဲ့ရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ ကိုပြည့်ဖြိုးအောင်ဆိုသူဖြစ်ပြီး မတ် ၂၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ် ဆိပ်ကြီးကျေးရွာ နေအိမ်တွင် ရဲအင်အား ၂၀ ခန့်က Facebook အကောင့်ကို ပြကာ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း ကိုပြည့်ဖြိုးအောင်၏ အကိုတော်စပ်သူ ကိုရဲမင်းနိုင်က Myanmar Now ကိုပြောသည်။
“တွေ့တာနဲ့ သူတို့က ကလေးကို ဖုန်းကိုတောင်းလိုက်တယ်။ ပြီးတော့ သူတို့ဆီမှာပါလာတဲ့ မိတ္တူကူးလာတဲ့စာရွက်နဲ့ ဖုန်းထဲက Facebook ကို ဖွင့်ပြီးတော့ ပရိုဖိုင်နဲ့ တိုက်ပြီးတော့ ပရိုဖိုင်က အတူတူပဲဆိုပြီး ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။
Facebook အကောင့်ဖြင့် တိုက်ဆိုင်စစ်ဆေးကာ လာရောက်ဖမ်းဆီးချိန်တွင် အကောင့်နာမည် မတူသဖြင့် မိသားစုက မေးရာတွင် ပြောပြခွင့်မရှိဟု ဆိုသော်လည်း လူမှုကွန်ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်သော အရေးအသားများ ရေးတင်မှုကြောင့် စစ်ကောင်စီက ကိုပြည်ဖြိုးအောင်၏ Facebook အကောင့်ကို အမှုဖွင့်ထားကြောင်း လာရောက်ဖမ်းဆီးသူ ရဲအရာရှိက ပြောခဲ့သည်ဟု ၎င်းကပြောသည်။
“စစ်တွေ ရဲတွေကို ဆဲထားတာတွေရှိတယ်ဆိုပြီး အမှုက ဒီကဖွင့်တာ မဟုတ်ဘူးတဲ့။ အထက်ကနေပြီး ပုဒ်မတပ်ပြီးတော့ တစ်ခါတည်းဖမ်းခိုင်းတာလို့ အဲရဲအရာရှိက ပြောသွားတယ်” ဟု ကိုရဲမင်းနိုင်က ပြောသည်။
အသက် ၂၃ နှစ်အရွယ် ကိုပြည်ဖြိုးအောင်သည် ဘယ်ခြေဒူးအောက်ပိုင်း မပါသော ကိုယ်အင်္ဂါမသန်စွမ်း သူဖြစ်ပြီး AAR Japan (Association for Aid and Relief) မသန်စွမ်းသူများ သက်မွေးပညာသင်တန်းကျောင်း၏ ၂၀၁၆ ဒုတိယအပတ်စဉ် ကွန်ပျူတာသင်တန်းဆင်းတစ်ဦးဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ MILI (Myanmar Independent Living Initiative) က ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးဖြင့် တက္ကသိုလ်တက်ရောက်ခဲ့ရသူဖြစ်ပြီး ၂၀၁၉ မှစ၍ စစ်တပ် အာဏာသိမ်းသည်အထိ မဇ္ဈိမတီဗီချန်နယ်တွင် ဗီဒီယိုတည်းဖြတ်သူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။
၎င်းသည် စစ်တပ်အာဏာသိမ်းပြီး တစ်ပတ်အတွင်း အလုပ်ထွက်ကာ ဖေဖော်ဝါရီ ၇ မှစ၍ ရန်ကုန်ဆန္ဒပြ မှုများတွင် ပါဝင်ခဲ့ကြောင်းသိရသည်။ ရန်ကုန် ဆန္ဒပြမှုများတွင် ပါဝင်အပြီး ရွာပြန်ရောက်ချိန် တစ်လခန့် အကြာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကိုရဲမင်းနိုင်က ပြောသည်။
လတ်တလောတွင် ကိုပြည့်ဖြိုးအောင်ကို အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် ဖြည့်စွက်ပြင်ဆင်လိုက်သော ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး ဟင်္သာတ အကျဉ်းထောင်တွင် အချုပ်ချထားကြောင်း မိသားစုဝင်များကဆိုသည်။
ယင်းဥပဒေပုဒ်မအရ မည်သူမဆို အများပြည်သူကြောက်ရွံ့အောင် ကြံရွယ်ခြင်း၊ သတင်းအမှား ဖြန့်ဝေခြင်း သို့မဟုတ် ဖြန့်ဝေရန် ကြံစည်ခြင်း၊ အစိုးရဝန်ထမ်းများအပေါ် ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် ကျူးလွန်ရန်ကြံစည်ခြင်း၊ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေမှုများဖြစ်စေပါက ထောင်ဒဏ် ( ၃ )နှစ်အထိ ချမှတ်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်ထားသည်။
ဟင်္သာတအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် ဆန္ဒပြသူများကို မိသားစုဝင်များက တစ်ပတ်လျှင် တစ်ရက် အစားအစာများ ပေးပို့နိုင်ကြောင်း ရဲစခန်းတာဝန်ရှိသူများက ဆိုသော်လည်း ယမန်နေ့ (မတ် ၂၄) က သွားရောက်ရာတွင် အစားအစာများ ပေးခွင့်မရကြောင်း ကိုရဲမင်းနိုင်က ပြောသည်။
ထို့ပြင် အကျဉ်းထောင်ပြောင်းရွေခံရမည်ကိုလည်း ကိုပြည့်ဖြိုးအောင်၏ မိသားစုက စိုးရိမ်နေကြသည်။
“တခြားကို ရောက်သွားမှာစိုးတာ ကလေးကို။ ဟင်္သာတဆိုတော့ တစ်နာရီလောက် ဆိုင်ကယ်မောင်းလိုက်ရင် ရောက်တာဆိုတော့။ တခြားကို ရွှေ့လိုက်လို့ရှိရင် ကလေးပါ ပျောက်သွားမှာစိုးတာ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် အခုအချိန်က တရားဥပဒေ စိုးမိုးတဲ့ အချိန်လည်းမဟုတ်တဲ့အတွက်”ဟု ကိုရဲမင်းနိုင်က ပြောသည်။
ပြီးခဲ့သည့်လအတွင်း ဟင်္သာတတွင် ဆန္ဒပြမှုများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီးသဖြင့် အဖမ်းခံထားရသူဦးရေ ဟင်္သာတအကျဉ်းထောင်တွင် ၂၀၀ ဝန်းကျင်ခန့်ရှိ ကြောင်းသိရသည်။