အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငလျင်ကယ်ဆယ်ရေးအတွက် သဘောထားကွဲလွဲသူများကို ဖမ်းဆီးရန်စစ်တပ်ပြင်ဆင်

လူမှုကွန်ရက်များပေါ်တွင် ၎င်းတို့ကိုဝေဖန်မှုဖြင့် အနည်းဆုံး လူ ၁၉၀၀ ခန့်ကို ဖမ်းဆီးထောင်ချခဲ့သည့် စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးအတွက် သဘောထားကွဲလွဲသူများကို ဆက်လက်ဖမ်းဆီးရန် ပြင်ဆင်နေသည်။

မြေငလျင်နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးအတွက် စစ်တပ်နှင့် သဘောထားကွဲလွဲသူများကို ဖမ်းဆီးထောင်ချရန်အတွက် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ဟန်ငြိမ်းဦးအပါအဝင် တယ်လီဂရမ်များက စတင်ပြင်ဆင်နေသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားပြီး Subscriber ပေါင်း ၁သန်း၂သိန်းကျော်ရှိသည့် ‘ဟန်ငြိမ်းဦး’ နှင့် Subscriber ပေါင်း ၁သိန်း၃သောင်းကျော်ရှိသည့် ‘Ko Thet’ အမည်ရှိ တယ်လီဂရမ်ချန်နယ်များသည် ထိုင်ဝမ်၏အကူအညီကိုငြင်းပယ်သည့် စစ်တပ်၏လုပ်ရပ်ကို ဝေဖန်သည့် ရေနံချောင်းမြို့မှ အမျိုးသားတစ်ဦးအား ဖမ်းဆီးထောင်ချရန် လှုံ့ဆော်နေသည်။

ငလျင်ကယ်ဆယ်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  စစ်ကိုင်းသို့ ရောက်မလာသည်ကို ဝေဖန်သည့်အခြားအမျိုးသားတစ်ဦးကိုလည်း အလားတူဖမ်းဆီးထောင်ချရန် လှုံ့ဆော်နေသည်။

ထိုတယ်လီဂရမ်ချန်နယ်များသည် အာဏာသိမ်းစစ်ကောင်စီကောင်စီကို ဝေဖန်သူများအား အစဉ်တစိုက်စောင့်ကြည့်ပြီး ဖမ်းဆီးရန်အတွက် မကြာခဏလှုံ့ဆော်ရေးသားလေ့ရှိသည်။၎င်းတို့ရေးသားချက်များတွင် ပါဝင်သူများကို စစ်ကောင်စီကလည်း မကြာခဏ ဖမ်းဆီးထောင်ချနေသည်။


သုတေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar ၏ ၂၀၂၅ ဖေဖော်ဝါရီ ၂၈ စာရင်းများအရ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အား လူမှုကွန်ရက်များပေါ်တွင် ဝေဖန်မှုဖြင့် လူ ၁၉၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် ထိုင်ဝမ်မှလာသည့် ကယ်ဆယ်ရေးသမားများကို မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့သည်ဟု Taipei Times သတင်းဌာနက ယနေ့ရေးသားသည်။ မြန်မာငလျင်အတွက် အသင့်ပြင်ထားသည့် ထိုင်ဝမ် ကယ်ဆယ်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်သည်ဟု ထိုင်ဝမ်သတင်းဌာနများကရေးသားကြသည်။

စစ်ကောင်စီနှင့်နီးစပ်သည့် နေပြည်တော်အခြေစိုက် NP News သတင်းဌာနကလည်း ထိုင်ဝမ်အကူအညီကို စစ်ကောင်စီငြင်းပယ်သည့်သတင်းမှာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုသည်။ ထိုင်ဝမ်က၎င်းတို့ကို နိုင်ငံတစ်ခုမှစေလွှတ်သည့် ကယ်ဆယ်ရေးအဖွဲ့အဖြစ် လက်ခံရန်တောင်းဆိုခဲ့ခြင်းကြောင့် စစ်ကောင်စီက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း NP News ကဆိုသည်။

စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ပုံစာ – ငလျင်ကြောင့် နေအိမ်၊ အဆောက်အအုံ ပျက်စီးသွားသည့် မန္တလေး ဒေသခံတို့မှာ လမ်း ၃၀နှင့် ၇၃ လမ်းထောင့် မီးလောင်ပြင် မင်္ဂလာဈေးဟောင်း၊ ကျုံးဘေး စသည့် နေရာများတွင် ယာယီ ခိုလှုံနေကြသည်။

စစ်ကောင်စီသည် တရုတ်အစိုးရ၏ သဘောထားအတိုင်း ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတခုဖြစ်သည်ဆိုသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ထောက်ခံကြောင်း ကြေညာထားသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နိုင်ငံအနှံ့တွင် သေဆုံးသူပေါင်း ၁၇၀၀ ကျော်ရှိလာသည်ဟု မတ်လ ၃၀ ရက် ညပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာ ငလျင်လှုပ်ခတ်မှု စောင့်ကြည့်ရေးအဖွဲ့ USGS က ပြင်းထန်သည့် မြန်မာငလျင်ကြောင့် လူဦးရေ တစ်သောင်းမှ တစ်သိန်းကြား သေဆုံးနိုင်ခြေရှိသည်ဟု မတ်လ ၂၉ ရက်နေ့တွင် ခန့်မှန်းထားသည်။

Related Articles

Back to top button