အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KIA ၏စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်တွင် ထိခိုက်ကျဆုံးမှုနှင် ဖမ်းဆီးခံရမှုများရှိ

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် အလော့ဘွမ်ဒေသရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း ဒေသခံအချို့က အတည်ပြုပြောကြားသည်။

အလော့ဘွမ်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို KIA တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်းက ယမန်နေ့ (မတ်လ ၂၄ရက်) ညနေ ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ (မတ် ၂၅) နံနက် ၅ နာရီတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တွေ့ရတာတော့ ၂၀၁၁ က စပြီး တိုက်ပွဲစတင်ဖြစစ်ပေါ်လာကတည်းက KIA က သူတို့ ခုခံစစ်ပဲလုပ်ပြီး ထိုးစစ်ဆင်တာမျိုး တစ်ခါမှ မလုပ်ဘူး။ အခုက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ​​တွေ့ရတယ်” ဟု အဆိုပါ​ဒေသခံက ပြောသည်။

ဖြစ်စဉ်အတွင်း စစ်တပ်ဘက်က ထိခိုင်ကျဆုံးမှုနှင့် ဖမ်းဆီးခံရမှုများရှိကြောင်းလည်း ​ဒေသခံ ကချင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဆန်အောင်က ပြောသည်။

“စခန်းသုံးခုလောက်လို့ ပြောတာပဲ။ စစ်တပ်ဘက်က ကျဆုံးတာ ရှိတယ်လို့ပြောတယ်။ တပ်ရင်းမှူးတစ်ယောက်ရယ်၊ တပ်ကြပ်တစ်ယောက်ရယ် ကျဆုံးတယ်ဆိုတာ ကြားလိုက်တယ်။ ဒါပေမဲ့ ဘယ်လောက်ကျတယ်၊ ဒဏ်ရာရတယ်ဆိုတာ အရေအတွက်တော့ မသိပါဘူး။ သုံ့ပန်းတွေလည်း ရတယ်လို့လည်း ကြားတယ်”ဟု ကိုဆန်အောင်က ဆက်ပြောသည်။

KIA တပ်မဟာ(၅)သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဝိုင်းမော်မြို့နယ် ဆဒုံးဒေသရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့​သည်။ ထို့ပြင် KIA တပ်မဟာ(၉)ကလည်း ဖားကန့်နှင့် မိုးကောင်းရှိ စစ်ကောင်စီ လက်အောက်ခံတပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ထိုသို့ KIAက ထိုးစစ်ဆင်မှုများ ရှိခဲ့သော် စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများ မတွေ့ရသေးဟု ဒေသခံအချို့က ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုများ မတွေ့ရသော်လည်း မြို့ပေါ်တပ်စခန်းများကို လူအင်အား တိုးမြှင့်ဖြည့်ထားသည်ဟု ကြားသိရကြောင်း ကိုဆန်အောင်က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button