
ဘားအံ-လှိုင်းဘွဲ့လမ်းဆုံ မီးပွိုင့်အနီးတွင် ဆန္ဒပြ လူငယ်များက အတားအဆီးများပြုလုပ်ပြီး ဆန္ဒပြရန် စတင်ပြင်ဆင်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ရောက်ရှိလားပြီး အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ကျည်ဆန်အစစ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
“လူငယ်တစ်ယောက် ပေါင်ရင်း ဆီးခုံနားကို ကျည်ဆန်ထိမှန်ပါတယ်။ ခွဲစိတ်လို့ ပြီးသွားပါပြီ။ အသက်အန္တရာယ် ကင်းတယ်လို့ သိရပါတယ်” ဟု အမည်မဖော်လိုသည့် ထိုလူငယ်က ပြောသည်။

ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသူမှာ ဘားအံတက္ကသိုလ် သတ္တဗေဒဌာနတွင် မဟာတန်း တက်ရောက်နေသည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ထိမှန်ထားသည့် ဒဏ်ရာကို ခွဲစိတ်ကုသပြီး ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ရောက်ရှိနေသူများက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဘားအံကားဝင်းးအနီးရှိ နေအိမ်များတွင် ဆန္ဒပြပွဲတွင် ပါဝင်သူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ပိတ်မိနေသူများလည်း ရှိသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

ဖမ်းဆီးခံရသူ အရေအတွက်နှင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ ထပ်မံတိုးလာနိုင်ဖွယ်ရှိပြီး Myanmar Now က ထပ်မံ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားခဲ့သူ ၂၇၅ ဦး ထိရှိနေပြီဖြစ်ပြီး ပြစ်ဒဏ် ချမှန်ခြင်းခံထားရသူ ၂၉၀၆ ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။