သတင်း

ပုဂ္ဂလိကဘဏ်ဌာနအကြီးအကဲများကို ဖမ်းဆီးပြီး ဘဏ်များ အတင်းအကျပ်ဖွင့်ခိုင်းနေ

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ အကြီးအကဲများကို ဖမ်းဆီးပြီး ဘဏ်ဖွင့်ရန် အတင်းအကျပ်ဖိအားပေးနေကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ရန် ဆက်တိုက်ဖိအားပေးခဲ့သော်လည်း ယနေ့အချိန်ထိ ဘဏ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ထပ်မံဖိအား​ပေးခြိမ်း​ခြောက်သည့်အ​နေဖြင့် ဘဏ်များမှ ဌာနအကြီး အကဲများကို ဖမ်းဆီးခြင်းဖြစ်​ကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

ပုဂ္ဂလိကဘဏ်များမှ ဌာနအကြီးအကဲတချို့ကို ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရှိသေးသလို၊ ဘဏ်ခွဲမန်နေဂျာများကိုလည်း ဖမ်းဆီးမှုများရှိနေသည်ဟု အထက်ပါဘဏ်ဝန်ထမ်းများက ဆိုသည်။

“ဘဏ်အကြီးအကဲတွေကို ပြန်ပေးဆွဲသလိုဖမ်းထားပြီး ဘဏ်တွေကို အတင်းအကျပ်ဖွင့်ခိုင်းနေတယ်။ အချို့ကတော့ ရှောင်နေတာ၊ အလုပ်ထွက်တာတွေရှိတယ်” ဘဏ်မန်နေဂျာတစ်ဦးက Myanmar Now ကို ပြောသည်။

ဘဏ်ခွဲမန်နေဂျာအဆင့်ကိုပင် အဖမ်းပြပြီး ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးနေသည်ဟု အခြားဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြည်တွင်းဘဏ်များ ပြန်လည်ဖွင့်လှစ်ရန် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်ရိုက် ဖိအားပေးခြိမ်းခြောက်နေသည့်အပြင် စစ်ကောင်စီအကြီးအကဲထံ အရေးယူမည့် နည်းလမ်းများပေးနေ သည်ဟု ဘဏ်အရာရှိတစ်ဦးက ပြောသည်။

ထို့ကြောင့် ဒေါ်သန်းသန်းဆွေနှင့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့တစ်ခုလုံးကို CRPH နှင့် နိုင်ငံတကာက အရေးယူနိုင်ရန် ဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့၏ မိသားစုများကိုလည်း လူမှုရေးအရ ဒဏ်ခတ်​ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် အထက်ပါဘဏ်အရာရှိက ပြောသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြည်တွင်းဘဏ်များကို ပုံမှန်ဖွင့်လှစ်နိုင်ခြင်း မရှိပါက ဒဏ်ကြေးကောက်ခံသွားမည်ဟု ပုဂ္ဂလိကဘဏ်များကို မတ် ၂၃ ရက်က အကြောင်းကြားစာပေးပို့ခဲ့သည်။ 

ဒဏ်ကြေးကို ဘဏ်ခွဲအရေအတွက်၊ ဘဏ်အကြီး၊ ဘဏ်အလတ်နှင့် ဘဏ်အသေးဟူ၍ အမျိုးအစားခွဲ၍ ကောက်ခံသွားမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်ညိုထွန်းက သတိပေးစာပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာအရှေ့တိုင်းဘဏ်၏ ဖွင့်လှစ်ရန်သတ်မှတ်ထားသောဘဏ်ခွဲ ၄၉ ခုသည် မတ် ၁၅ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် ထိုတစ်ပတ်စာဒဏ်ကြေး ကျပ်သိန်း ၅၀ သတ်မှတ်လိုက်သည်ဟု ဗဟိုဘဏ် က သတိ​ပေးထားပြီး ထိုဒဏ်ကြေးကို ဗဟိုဘဏ်၌ဖွင့်ထားသည့် ဘဏ်စာရင်းမှ ယူလိုက်သည်ဟု ဆိုသည်။

လုပ်ငန်းခွင် ဝင်ရောက်ခြင်းမရှိသည့် ဝန်ထမ်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများထံ ယနေ့ (မတ် ၂၄) ရက်စွဲဖြင့် သတိပေးစာလည်း ပေးပို့ထားသည်။

အသေးစားအလတ်စားဖွံ့ဖြိုးရေးဘဏ်( SME Development Bank)ကိုလည်း ဒေါ်လာတစ်သန်းခွဲခန့်ကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ထုတ်ပေးမှုကြောင့် ငွေကြေးခဝါချမှုဖြင့် စစ်ကောင်စီက ဘဏ်အကြီးအကဲများ ကို အရေးယူထားသည်ဟု မတ်လလယ်တွင် ထုတ်ပြန်ခဲ့သည်။ 

ထိုငွေကြေးသည့် အမေရိကန်သူဌေးကြီး ဂျော့ဆိုးလ်ရော့စ်၏ open society foundation ၏ ရန်ပုံငွေဖြစ်ပြီး ထုတ်ယူရာတွင် ဗဟိုဘဏ်ကို အကြောင်းကြားခြင်းမရှိသောကြောင့်ဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 
 

Show More

Related Articles

Back to top button