သတင်း

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြီးစားစက်ရုံခွဲများမှ CDM ဝန်ထမ်းများ ဖိအားပေးခံရ 

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံခွဲများတွင် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သူ ဝန်ထမ်းအရေအတွက် များပြားခဲ့သည့်အအတွက် ထိပ်တန်းတာဝန် ရှိသူကိုယ်ကို လာရောက်ညှိနှိုင်းခဲ့ရကြောင်း၊ CDM ဝန်ထမ်းများအပေါ် ဖိအားပေးမှုလည်း ရှိနေကြောင်း သိရသည်။ 

ပဲခူးတိုင်းအနောက်ပိုင်းရှိ ထုံးဘိုအခြေစိုက် တပ်မတော်အကြီးစားစက်ရုံခွဲတွင် မတ် ၇ ရက်က စက်ရုံ ဝန်ထမ်း ၁၉၃ ဦး CDM လှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့သည်ကို နောက်တစ်ရက်ဖြစ်သည့် မတ် ၈ ရက် သတင်းပေါက်ကြားသဖြင့် ဖိအားပေးညှိနှိုင်းမှုများရှိခဲ့သည်ဟု စက်ရုံဝန်ထမ်းတစ်ဦးက ယနေ့ (မတ် ၂၄) တွင် Myanmar Now ကို ပြောသည်။

ဝန်ထမ်းပေါင်း ၁၉၃ ဦး CDM ပြုလုပ်ခဲ့သည့် အဆိုပါစက်ရုံသို့ ဒုတိယတပ်မတော်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင်ကိုယ်တိုင် ရောက်ရှိလာပြီး အလုပ်ပြန်ဆင်းရန် ပြောဆိုသဖြင့် အလုပ်ပြန်ဝင်ခဲ့ရကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။ 

“ကျွန်တော်တို့ နေရတာ တပ်ထဲမှာ မိသားစုတွေ ဘာတွေနဲ့ဆိုတော့ သွားဖို့မလွယ်ဘူး။ ကလေးမရှိရင် တော့ ပြောင်းဖို့အဆင်ပြေတယ်လေ။ အရမ်းကြီးဖိအားပေးတာတော့ မဟုတ်ပြန်ဘူး။ မဆင်းမှာ ကြောက်တာ။ ကျွန်တော်တို့ အခုလည်းမဆင်းဘူးလေ။ အိမ်မှာပဲနေတာ။ သွားချင်တဲ့ရက်မှ သွားတာ၊ သွားလည်း အလုပ်မလုပ်ဘူး” ဟု ၎င်းက ပြောသည်။ 

စက်ရုံအနေဖြင့် ဝန်ထမ်းအားလုံးကို ရုံးတက်စာရင်းသွင်းထားပြီး လစာများလည်း ပုံမှန်ထုတ်ပေးနေ သည်ဟု အဆိုပါစက်ရုံဝန်ထမ်းက ဆိုသည်။ သို့သော် CDM ပြုလုပ်သော ဝန်ထမ်း ၁၅ ဦးမှာမူ ဝန်ထမ်း အိမ်ရာတွင် နေထိုင်ခြင်း မပြုတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်ရုံး လက်အောက်ရှိ အမှတ် (၃) တပ်မတော်အကြီးစား စက်ရုံခွဲများတွင် CDM ပါဝင်သူ ဝန်ထမ်းဦးရေ များပြားသဖြင့် ထုံးဘိုအခြေစိုက် အမှတ် (၃) တပ်မတော် အကြီးစားစက်ရုံမှူး ကိုယ်တိုင် ချက်ချင်းသွားရောက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော် လိုသူတစ်ဦးက ယမန်နေ့ည (မတ် ၂၃) တွင် Myanmar Now သို့ သတင်းပေးပို့လာသည်။

ထိုသို့ညှိနှိုင်းပြီးနောက် ဝန်ထမ်းအချို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့သော်လည်း CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်သော ဝန်ထမ်းများကို ခွင့်မဲ့ပျက်ကွက်အဖြစ် အလုပ်မှထုတ်ပယ်ခံခဲ့ရသည်များလည်း ရှိကာ နုတ်ထွက်ခွင့်တင်ကာ စက်ရုံမှ ထွက်ခွာသွားသော ဝန်ထမ်းများရှိသည်ဟုလည်း သိရသည်။ 

ထို့ပြင် မကွေးစက်ရုံခွဲမှ လက်ထောက်စက်ရုံမှူးအဆင့်ရှိ အရာထမ်းတစ်ဦးသည် CDM လှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံထားရပြီး ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်လမ်းရှိ အမှတ် (၃) တပ်မတော်အကြီးစား စက်ရုံခွဲ (ရန်ကုန်) တွင်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းအချို့ အရေးယူခံခဲ့ရသည်ဟု အဆိုပါ သတင်းပေးပို့လာသူက ဆိုသည်။ 

အမှတ် (၃) တပ်မတော်အကြီးစားစက်ရုံခွဲ (မြိုင်) မှ CDM ပြုလုပ်သော အရပ်သားဝန်ထမ်းများ မတ်လဆန်းပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ပူးပေါင်းခဲ့ကြစဉ်။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်မတော်အကြီးစား စက်ရုံခွဲများဖြစ်သည့် မြိုင်၊ မြင်းခြံ၊ မကွေး၊ ထုံးဘိုတို့မှ ရာနှင့်ချီသော စက်ရုံဝန်ထမ်းများသည် မတ်လဆန်းပိုင်းတွင် CDM လှုပ်ရှားမှု၌ စတင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်ရှိ အဆိုပါဝန်ထမ်းများ၏ CDM ပါဝင်ကြောင်း ကြေညာချက်များအရ သိရသည်။

မတ်လဆန်းပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်မတော်အကြီးစားစက်ရုံခွဲများ ဖြစ်သည့် ထုံးဘို၊ မကွေးနှင့် မြိုင်တို့မှ ရာနှင့်ချီသော အရပ်သားဝန်ထမ်းများက “အာဏာရှင်စနစ် အမြစ်မတွက်စေရန် တွန်းလှန်ဖရှားသည့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရပ်တည်ခြင်း ဖြစ်ပါသည်” ဟု ကြွေးကြော်ကာ CDM တွင် ပါဝင်ကြောင်း ကြေညာခဲ့ကြသည်။

ယခုအချိန်တွင် လူမှုကွန်ရက်၌ တွေ့ရှိရသော စုစည်းရသမျှ စာရင်းများအရ တပ်မတော်အကြီးစားစက်ရုံခွဲ (ထုံးဘို) မှ စက်ရုံဝန်ထမ်း ၁၉၃ ဦး၊ စက်ရုံခွဲ (မကွေး) မှ ၆၅ ဦးနှင့် စက်ရုံခွဲ (မြိုင်) မှ ၃၄ ဦး သည် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ 

မကွေးတိုင်းအနောက်မြောက်ပိုင်းရှိ မြိုင်မြို့တွင် တပ်မတော်အကြီးစားစက်ရုံခွဲ (မြိုင်) မှ အရပ်သားဝန်ထမ်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုနှင့်အတူ ပူးပေါင်းကာ ဆန္ဒပြပွဲ များတွင် ပါဝင်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ 

အဆိုပါတပ်မတော် အကြီးစားစက်ရုံခွဲများမှာ ယခင်က စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများဖြစ်ပြီး ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ တပ်မတော်လက်အောက်သို့ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Show More

Related Articles

Back to top button