
စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးပြီဟုယူဆကာ မိဘများက သင်္ဂြိုဟ်ပွဲပြုလုပ်ခဲ့သော်လည်း ၁၈ ရက်အကြာတွင် ထိုဖမ်းဆီးခံ ချင်းတိုင်းရင်းသားလူငယ်မှာ ပြန်လည်လွတ်မြောက်လာသည်။
အသက် ၂၇ နှစ်အရွယ် ကိုမန်ဆွင်းခိုင် (ခ) ဝေယံမောင်မောင်သည် မတ်လ ၃ ရက်က မြောက်ဥက္ကလာပမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်၌ ပါဝင်ဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရသူဖြစ်ကာ ယနေ့ (မတ် ၂၄) တွင် အင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသူများတွင် ပါဝင်လာခြင်းဖြစ်သည်ဟု ၎င်း၏ဖခင်က Myanmar Now ကို ပြောသည်။
“စောစောကတော့ ဆုံးသွားပြီလို့ ယူဆပြီး ကျွန်တော်တို့ နာရေးလုပ်တာတော့ ရှိခဲ့တာပေါ့နော်။ အခုဟာကျတော့ အိပ်မက်လိုပေါ့နော်။ အံ့သြစရာလည်း ကောင်းပါတယ်။ ဒါကတော့ သူ့ရဲ့ကံတရားပေါ့နော်။ စစ်ဆေးရုံမှာ ကုပေးတယ်။ အမှန်ဆို ဒဏ်ရာနဲ့လည်း သေနိုင်တာပဲ။ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေတဲ့သူတွေလည်း အများကြီးဆိုပြီး သားက ပြန်ပြောပြတယ်” ဟု ကိုမန်ဆွင်းခိုင်၏ဖခင်က ပြောသည်။
နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရင်း သားဖြစ်သူဖမ်းဆီးခံရချိန် ဆေးရုံများအပြင် ရဲစခန်းနှင့် အင်းစိန်ထောင်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း သတင်းမရသဖြင့် သေဆုံးပြီဟု ယူဆကာ မတ်လ ၇ ရက်တွင် ကိုမန်ဆွင်းခိုင်အားရည်စူး၍ မိသားစုက ခရစ်ယာန်ဘာသာရေးထုံးတမ်းအစဉ်အလာအတိုင်း သင်္ဂြိုဟ်ပွဲ ပြုလုပ်ခဲ့ကြသည်။
မတ်လ ၃ ရက်က မြောက်ဥက္ကလာပသပိတ်ကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းစဉ် ကိုမန်ဆွင်းခိုင်၏ ညာဘက်ပေါင်တွင် ရာဘာကျည်ထိမှန်ခဲ့ပြီး ထိုဒဏ်ရာဖြင့်ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရစဉ် ကိုမန်ဆွင်းခိုင်းအား မင်္ဂလာဒုံစစ်ဆေးရုံသို့ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ပို့ဆောင်ဆေးကုသမှုပေးခဲ့ရာ ဆေးရုံ၌ ၁၀ ရက်ကျော်နေခဲ့ရပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း ကိုမန်ဆွင်းခိုင်၏ဖခင်က ရှင်းပြသည်။
“ဆေးရုံပေါ်မှာ ကုပေးတယ်။ ထမင်းဟင်းကျွေးတယ်။ နောက်ကို အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ထောင်ထဲမှာထက် ဆေးရုံပေါ်မှာ ပိုကြာခဲ့တာပေါ့နော်”ဟု ၎င်းက ဆိုသည်။
ရာဘာကျည်ထိမှန်ခဲ့သော ကိုမန်ဆွင်းခိုင်၏ညာခြေထောက်ဒဏ်ရာမှာ အရှင်းမပျောက်သေးသော်လည်း အနာသက်သာကာ လမ်းအနည်းငယ်လျှောက်နိုင်စ ပြုပြီဖြစ်ကြောင်း သိရသည်။
အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးလှုပ်ရှားမှုများအတွင်း ဖမ်းဆီးခံခဲ့ရသော ကျောက်းသား လူငယ် ၇၀၀ ခန့်ကို နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ပြုလုပ်သော ယနေ့တွင် စစ်ကောင်စီက ရုတ်တရက်ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။