သတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၇၀၀ ကျော်လွတ်မြောက်နိုင်ခြေရှိ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် ယနေ့ (မတ် ၂၄) တွင် ၇၀၀ ကျော် ပြန်လည်လွတ်မြောက်လာနိုင်ခြေရှိသည်ဟု ဥပဒေရေးရာ အကူအညီပေးနေသည့် ရှေ့နေများက ယနေ့နံနက်ပိင်းတွင် Myanmar Now ကို ပြောကြားသည်။

“ကျွန်မအမှုသည် တစ်ယောက်က ဒီနေ့ရုံးချိန်ရှိတယ်။ ဒီနေ့ ပေးမဝင်သေးဘူး။ ထောင်ပိုင်က ပြန်လွတ်မယ့်သူတွေကို ဩဝါဒပေးနေတယ်။ တော်တော်များများ (ပြန်လွတ်မည့်သူများ) က အချုပ်ကားပေါ်ရောက်နေပြီ” ဟု ပြည်သူ့ရှေ့နေများအဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နီလာခိုင်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ယမန်နေ့ (မတ် ၂၃) အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုများကြောင့် သေဆုံးသူ ၂၇၅ ဦးရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၈၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရောက်ရှိနေသည့် “သင့်အတွက်ရှေ့နေများအဖွဲ့” မှ တာဝန်ခံ ရှေ့နေ ကမူ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ရှေ့စခန်းများတွင်သာ စောင့်ဆိုင်းနေရန် ဖမ်းဆီးထိန်းသိမ်းခံ ထားရသူများ၏ မိသားစုဝင်များကို တိုက်တွန်းသည်။

“သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာပဲ အေးဆေးဆေးဆေးလေး သွားပြီးတော့ စောင့်နေတာက ပိုပြီးတော့ကောင်းပါတယ်။ ကျွန်တော်တို့ ရှေ့နေအဖွဲ့တွေလည်း ရှိတာကြောင့် အင်းစိန်ထောင်ရှေ့ကနေ လွတ်တာနဲ့ ကျွန်တော်တို့ကနေ ဖုန်းနဲ့ဆက်သွယ်ပေးပါ့မယ်” ဟု ၎င်းက ပြောသည်။

Related Articles

Back to top button