သတင်း

စစ်ကောင်စီက ရပ်ကျေးအထောက်အကူပြုအဖွဲ့ဝင်များ လိုက်လံစုဆောင်းနေ

ဧရာဝတီတိုင်းရှိ မြန်အောင်၊ ဘိုကလေးနှင့် ဟင်္သာတမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် အထောက်အကူပြုအဖွဲ့ဝင်ဟုဆိုကာ တစ်ရွာလျှင် အယောက် ၂၀ နှုန်းဖြင့် အာဏာသိမ်းစစ်ကောင်စီက လိုက်လံစုဆောင်းနေကြောင်း အုပ်ချုပ်ရေးမှူးအချို့နှင့် ရွာသားများက Myanmar Now ကိုပြောသည်။

“လက်ရှိအုပ်ချုပ်ရေးမှူးတွေနဲ့ လုပ်ရမယ့် ကိုင်ရမယ့်ဟာတွေရှိရင် ပူးတွဲပြီးတော့ လုပ်လို့ရအောင်လို့ သူတို့ (မြို့နယ်ထွေအုပ်)က တောင်းတာ” ဟု ဟင်္သာတမြို့နယ် သရက်အုပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ကျေးရွာအတွက် လူ ၁၅ ယောက် စာရင်းပေးရန် အာဏာသိမ်းပြီး ဖေဖော်ဝါရီလကတည်းက မြို့နယ်ထွေ အုပ်က တောင်းခိုင်းထားပြီး ၎င်းအနေဖြင့် စာရင်းပြန်မပေးရသေးကြောင်း၊ ကျေးရွာတိုင်းကို လူစာရင်း ကောက်ထားခိုင်းကြောင်းလည်း ၎င်းက ပြောသည်။

“ဗော်လန်တီယာ သဘောမျိုးနဲ့ ထားဖို့ပဲရှိတယ်။ ခုချိန်ထိတော့ ဘာညွှန်ကြားချက် ဘာမှလည်းမရှိသေးဘူး လုပ်နိုင်ရင်လည်းလုပ်ပေါ့ မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးပေါ့” ဟု အဆိုပါအုပ်ချုပ်ရေးမှူးက ပြောသည်။ 

ထို့ပြင် ဘိုကလေးမြို့ အမှတ် (၉) ရပ်ကွက်တွင်လည်း အမျိုးသား ၂၀ ဦး ပါဝင်သော ရပ်ကွက်အထောက် အကူပြုအဖွဲ့ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ 

ဒေသခံတစ်ဦးထံမှ Myanmar Now ရရှိခဲ့သောစာအရ အဆိုပါ ရပ်ကွက်အထောက်အကူပြုအဖွဲ့တွင် အသက် ၄၅ နှစ်မှ ၇၀ အရွယ်ကြား အမျိုးသား ၂၀ ဦးပါဝင်သည်ကို တွေ့ရသည်။ 

ထို့ပြင် မြန်အောင်မြို့နယ် ထူကျေးရွာအုပ်စုတွင်လည်း လူ ၁၀ ယောက်စာရင်းကို ကျေးရွာအုပ်ချုပ်ရေး မှူးက မတ်လ ၁၆ ရက်မှစ၍ လိုက်လံကောက်ခံနေကြောင်း ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။

“အတိအကျတော့ မလာသေးဘူး ရပ်ကွက်တွေကို အကြောင်းကြားထားတာတော့ရှိတယ်။ ဘယ်က တောင်းတာလဲဆိုတော့ စစ်တပ်က တောင်းတာလို့ ပြောတာပဲ” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက အဆိုပါကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဝင်များနှင့် ပါတီထောက်ခံသူများ ညနေတိုင်း အစည်းအဝေးများပြုလုပ်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ထပ်မံပြောသည်။

ထိုသို့ စစ်ကောင်စီက ကျေးရွာသားများကို စာရင်းလိုက်ကောက်နေလျက်ရှိရာ ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များမှ ကျေးရွာအချို့တွင် ရွာသားများအကြား ပေါ်တာဆွဲမည်ဟု သတင်းထွက်ပေါ် လျက်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တော့ ကိုယ်တိုင်မတွေ့ရဘူး သူများပြောသံကြားတာ။ အဲလိုအသံကြားတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေရတာ ဘယ်မှမသွားရဲကြဘူး” ဟု ဖျာပုံမြို့နယ် ကြံခင်းတူးမြောင်းရွာမှ ဦးဌေးဝင်းက မတ်လ ၁၈ ရက်တွင် Myanmar Now ကို ပြောသည်။ 

လွန်ခဲ့သည့် ငါးရက်ခန့်မှစ၍ ရန်ကုန်တိုင်း ခရမ်း၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် အရှေ့ဒဂုံမြို့န ယ်များတွင် ပေါ်တာသတင်းကြောင့် လူငယ်အများအပြား နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံများထံမှ သိရသည်။

ကျေးရွာများတွင် ဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများကို စစ်ကောင်စီ လက်နက်ကိုင်များက ညဘက်တွင် လိုက်လံဖမ်းဆီးနေပြီး အင်တာနက်မရသဖြင့် သတင်းအချက်အလက် မျှဝေရန် အခက်အခဲရှိကြောင်း မှော်ဘီမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“အမှန်တော့ CDM တွေကို လာဆွဲတာ၊ တစ်ယောက်စကား တစ်ယောက်နားမှာ ဘာဖြစ်သွားလဲမသိဘူး ပေါ်တာဆွဲတယ်ဆိုပြီး ပြောလာတော့ အိမ်တွေမှာရှိတဲ့ ယောက်ျားသားတွေ အကုန်လုံးကို ပြေးခိုင်း လိုက်တာ” ဟု ၎င်းက ဆိုသည်။ 

မတ် ၁၆ ရက်က မှော်ဘီတွင် ဖြစ်ပွားခဲ့သည့် အဆိုပါသတင်းကြောင့် တစ်ရွာလုံး ထွက်ပြေးခဲ့ရကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် မတ် ၁၅ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် မိုဘိုင်းအင်တာနက်များ ဖြတ်တောက် ပြီး အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ အရပ်သားပိုင်ပစ္စည်းများကို လုယူဖျက်ဆီးခြင်းများ နေ့စဉ်ရက် ကျူးလွန်လျက်ရျိသည်။  

စစ်ကောင်စီသည် လွန်ခဲ့သော သုံးရက်မှစ၍ ရန်ကုန် မြို့နယ်အချို့တွင် ရပ်ကျေးအုပ်ချုပ်ရေးရုံးများ ဖွင့်လှစ်ပြီး ပြည်သူများ ဧည့်စာရင်းတိုင်ရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိသည်။ 

Show More

Related Articles

Back to top button