သတင်း

စစ်ကောင်စီ လက်နက်ကိုင်များ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကြံခင်းတွင် ၃ ဦးကျည်ထိမှန်

ယမန်နေ့ (မတ် ၂၂) ညပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဝင်ရောက်ပစ်ခတ်မှုကြောင့် ဧရာဝတီတိုင်း ကြံခင်းတွင် သုံးဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကြံခင်းမြို့ဒေသခံများက Myanmar Now ကိုပြောသည်။

ည ၈ နာရီကျော်အချိန်တွင် ကြံခင်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်နှင့် ဆုတောင်းပွဲပြုလုပ်နေစဉ် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းဝင်ရောက်စဉ် ကင်းသမားကိုရိုက်နှက်မှုကြောင့် လူထုက ဝန်းရံလာချိန်တွင် ရဲတပ်ဖွဲ့က ဆုတ်ခွာပြီးနောက် စစ်တပ်အင်အားဖြည့်တင်းကာ ကျည်အစစ်ဖြင့် တရစပ် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကြံခင်းမြို့ကို စဝင်ပြီဆိုကတည်းက သေနတ်ဖောက်ပြီး ပစ်တော့တာပေါ့။ အစတုန်းကတော့ ကျည်ခွံတွေနဲ့ မိုးပေါ်ကိုထောင်ပစ်တာပေါ့။ လမ်းတောက်လျှောက်ကို ပစ်ခတ်လာတာ။ လူစုတဲ့ဘက်ကိုရောက်လာတဲ့အချိန်မှာ မဖြစ်တော့ဘူး၊ လူစုတွေခွဲ၊ ပြေးကြတယ်။ ပြေးကြတဲ့အခါမှာ ပြေးတဲ့အထဲကို ကျည်အစစ်တွေနဲ့ပစ်တယ်” ဟု ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။

(ဓာတ်ပုံ – ပေးပို့)

ဆုတောင်းပွဲ လာရောက်ဖြိုခွင်းသည့် ရဲတပ်ဖွဲ့က နှစ်ကြိမ်ဆုတ်ခွာခဲ့ပြီး မြန်အောင်မှ စစ်ကား ၃ စီးခန့်ဖြင့် ထပ်မံရောက်ရှိလာကာ အကြမ်းဖက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသာသုံးဦး ကျည်အစစ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် အသက် ၃၅ နှစ်အရွယ် အမျိုးသားမှာ လက်မောင်းပြတ်လုမတတ် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များအနေဖြင့် ဒေသခံများ၏ ဆိုင်ကယ်များကို ထုနှက်ဖျက်ဆီးသည့်အပြင် လူနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားသည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုကို စစ်ကောင်စီ၏ လက်နက်ကိုင်များက လက်မရွံ့ဖြိုခွင်းနေပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူရရှိသည့် စာရင်းများအရ မတ် ၂၂ အထိ ၂၆၁ ဦး ကျဆုံးခဲ့ပြီဖြစ်ကာ အလောင်းပြန်မရခြင်း သို့မဟုတ် လူပျောက်ဆုံးနေသည့်ဖြစ်စဉ်များ ရှိသဖြင့် အမှန်တကယ်ကျဆုံးသူမှာ ယင်းပမာထက်ပိုနိုင်သည်။ 

 

Show More

Related Articles

Back to top button