ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လယ်ပိုင်းက အင်အားပြင်း ငလျင်ကြောင့် လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုအများအပြား ရှိခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ပါရာမော်တာ ခေါ် အင်ဂျင်တပ်လေထီးဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် အင်ဂျင်တပ်လေထီးတစ်စီးမှာ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းအနီး ကျေးရွာများကို ည ၇နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမရှိသည့်အချိန်တွင် ပေါ်ပေါက်လာသော ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် နွယ်ခွေရွာအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက် သေဆုံးမှုမရှိကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။
“မနေ့ည ၇ နာရီ ၃၂ မိနစ်တွင် တစ်ကြိမ်၊ ၇ နာရီ ၄၄ တွင် တစ်ကြိမ် ပါရာမော်တာနဲ့ ချသွားတာ။ ဒီမှာက ပါရာမော်တာက ခပ်စိတ်စိတ်တွေချသွားတာ။ တစ်ရက်တစ်ကြိမ်လောက် လာတတ်တယ်” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU PDF) တာဝန်ရှိသူက ပြောသည်။
မန္တလေးမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာ စကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် စသည့်မြို့နယ်များတွင် ထိခိုက်ပျက်စီး သေဆုံးမှုများပြားခဲ့ရာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းဒေသတို့ကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
ထိုငလျင်ဒဏ်ကြောင့် ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာမှ ရှေးဟောင်းဘုရား စေတီအချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း စစ်ကောင်စီတပ် စိုးမိုးနယ်မြေဖြစ်သည့်အတွက် အခြေအနေ အသေးစိတ်ကို အတိအကျမသိရသေးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ငလျင်လှုပ်ပြီး နာရီပိုင်းအကြာတွင်ပင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ရှိနေသည့်နည်းတူ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေသည်။
ငလျင်လှုပ်နေစဉ် ကရင်ပြည်နယ်၊ ဒေါနတောင်လမ်းဟောင်းအနီးတွင် ကရင်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ ကရင်ပြည်နယ် ဒေါနတောင် လမ်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်။
ထို့ပြင် တအောင်းတပ် TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်နေသည့် နောင်ချိုမြို့နယ်တွင်လည်း ငလျင်လှုပ် နေချိန် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း နောင်လင်ရွာမှ နေအိမ်အများပြားပျက်စီးခဲ့သော်လည်း အရပ်သား ထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ရွှေဖီမြေ သတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ငလျင်ဒဏ်ကြောင့် နေရာအနှံ့အပြားတွင် ရာနှင့်ချီသေဆုံးပြီး အိုးအိမ်တိုက်တာ၊ သာသနိက အဆောက်အဦးများ ပျက်စီးဆုံးရှုံးနေချိန်တွင် ပြည်သူများကို ထိခိုက်စေသော လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း တော်လှန်ရေးအင်အားစုက ဝေဖန်သည်။
“စစ်ကောင်စီကတော့ ရန်သူပီပီအစွမ်းကုန်ယုတ်မာနေတာ။ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေရတဲ့အချိန်တောင်မှ စစ်ဘက်ထက် အရပ်ဘက် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေက လုံးဝကို လက်ခံလို့မရဘူး၊ စစ်ကောင်စီကိုအပြီးတိုင်ချေမှုန်းဖို့ပဲ လိုမယ်”ဟု စစ်ကိုင်းတိုင်းတွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ ချောင်းဦးမြို့နယ်ကို စစ်တပ်က ပြီးခဲ့သည့်လပိုင်းမှစတင်ကာ အင်ဂျင်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေ ခြင်းဖြစ်သည်။
မတ် ၂၆ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ တောင်ဘက်ပိုင်းရှိ ကျေးရွာနှင့် နွယ်ခွေရွာတို့ကို အင်ဂျင် တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး နှင့် အမျိုးသား ၁ ဦးသေဆုံး၊ ၁၁ နှစ်အရွယ် ကလေးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ချောင်းဦးမြို့နယ်တွင် ယနေ့ (မတ် ၂၉) ရက် နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု မရှိသော်လည်း အချိန်မရွေး လာရောက်ပစ်ခတ်လေ့ရှိသည့် အင်ဂျင်တပ်လေထီးနှင့် အဝေးပစ်လက်နက်ကြီးရန်ကို စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။



