အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​ဖမ်းဆီးခံထားရသည့် နေပြည်တော်သတင်းထောက်တစ်ဦး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကိုကိုလတ်ကို ဖမ်းဆီးထိန်းသိမ်းပြီး နှစ်ရက်အကြာတွင် ပျဉ်းမနားမြို့မရဲစခန်းက ယနေ့ (မတ် ၂၃) တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်လိုက်သည်ဟု လိုက်ပါကူညီနေသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

ကိုအောင်ကိုကိုလတ်သည် ပျဉ်းမနားမြို့တွင် မတ် ၂၀ က ပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲသတင်းသွားယူစဉ် လက်နက်ကိုင်ရဲများက ဆန္ဒပြသူများက အကြမ်းဖက်ဖြိုခွင်း သဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း မော်တော်ယာဉ်နှင့် ကွန်ပျူတာ (Laptop) သိမ်းဆည်း ခံခဲ့ရသည်။ 

နောက်တစ်ရက်ဖြစ်သည့် မတ် ၂၁ တွင် ရဲစခန်းသို့ သိမ်းဆည်းခံရသည့် ပစ္စည်းများ သွားရောက်ထုတ် ယူစဉ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်ကာ ယနေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်သည်။

“ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်လို့ ရဲစခန်းက ဒီမနက်မှာပြောပါတယ်။ သူ့ (ကိုအောင်ကိုကိုလတ်) အဖေရယ်၊ ညီမရယ်နဲ့ ပျဉ်းမနားရဲစခန်းမှာ ဒီမနက်ပိုင်း ၁၅ မိနစ်လောက် စကားပြောခွင့်ရခဲ့ပြီး အခုတော့ (ပျဉ်းမနား) အချုပ်ထောင်မှာ ထားပါတယ်” ဟု လိုက်ပါကူညီပေးနေသူက ပြောသည်။

ကိုအောင်ကိုကိုလတ်သည် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာန၏ သတင်းထောက်ဟောင်း တစ်ဦးဖြစ်သလို MCNA (Myanmar Citizen News Agency) သတင်းဌာန တည်ထောင်သူလည်းဖြစ်ပြီး လက်ရှိတွင် အလွတ်တန်းသတင်းထောက်အဖြစ် သတင်းဌာနတချို့အတွက် ရုပ်သံသတင်းများ ရိုက်ကူး ပေးနေသူဖြစ်သည်။

ကိုအောင်ကိုကိုလတ်သည် မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် ကိုယ်ဝန်အရင့်အမာဖြင့် ဇနီးသည်နှင့် အတူ နေပြည်တော်၌ အခြေစိုက်နေထိုင်ကာ အလွတ်တန်းသတင်းထောက်အဖြစ် အသက်မွေးဝမ်း ကျောင်းနေသူဖြစ်သည်။ 

ပြီးခဲ့သည့် သောကြာနေ့(မတ်၁၉)ကလည်း နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် NLD နာယက ဦးဝင်းထိန်ရုံးထုတ်ကို သွားရောက်သတင်းရယူသည့် ဘီဘီစီသတင်းထောက် ကိုအောင်သူရနှင့် Mizzima သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ ဖမ်းဆီးခံခဲ့ရပြီး ယမန်နေ့က ကိုအောင်သူရ ပြန်လွတ်လာသော်လည်း ကိုသန်းထိုက်အောင်မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အလွတ်တမ်းသတင်းထောက်များအပါအဝင် သတင်းထောက် ၄၄ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar Facebook စာမျက်နှာ၏ မတ် ၂၃ ရက် စာရင်းအရ သိရသည်။

အဆိုပါသတင်းထောက်များအနက် နေအိမ်ကို အကြမ်းဖက်စီးနင်းခံရသည့် DVB သတင်းထောက် ကိုအောင်ကျော်၊ သတင်းယူရင်းဖမ်းဆီးခံရသည့် AP သတင်းထောက် ကိုသိန်းဇော်၊ ကိုရဲမျိုးခန့်၊ Myanmar Now သတင်းထောက် မကေဇွန်နွေးတို့အပါအဝင် သတင်းထောက် ၁၀ ဦးမှာမူ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် လှုံ့ဆော်ခြင်းဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button