သတင်း

စစ်အာဏာသိမ်းမှုကြားဝင်ရန် တရုတ်၊ ဂျပန်နိုင်ငံများနှင့် ဆက်သွယ်ညှိနှိုင်းနေဟုဆို

စစ်အာဏာသိမ်းမှု အခြေအနေများနှင့်ပတ်သက်၍ ကြားဝင်ညှိနှိုင်းရန် တရုတ်၊ ဂျပန်နိုင်ငံများနှင့်  အပြန်အလှန် ဆက်သွယ်ညှိနှိုင်းမှုများ စနေပြီဖြစ်ကြောင်း ပအိုဝ်းလက်နက်ကိုင်ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ဖြစ်နိုင်တဲ့နည်းနဲ့တော့ သွေးထွက်သံယိုမှု နည်းအောင်လုပ်ဖို့တော့ ဂျပန်တို့လို တရုတ်တို့လိုနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး လုပ်နိုင်ဖို့ နည်းလမ်းတော့ ရှာနေကြတယ်။ ဆက်သွယ် နေပြီ” ဟု ၎င်းက ပြောသည်။

ဆက်သွယ်ညှိနှုင်းရာတွင် တရုတ်၊ ဂျပန်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ အမည်များကို လတ်တလော ထုတ်ဖော်ပြောဆို၍ မသင့်သေးဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ နိုင်ငံခြားဆက်သွယ်‌ဆက်ဆံ ရေးကော်မတီ (FRC) အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ကြားဝင်နိုင်ရေးကိစ္စ အလုပ်ဖြစ်လာပြီး တရားဝင်လမ်းကြောင်းပေါ်ပါက မည်သူပါဝင်မည်ကို သိလာမည်ဟုလည်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါတို့သည် ယခင်က မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ကြားဝင် ညှိနှိုင်းပေးခဲ့ဖူးသည်။

“ကြားဝင်ဖို့ဆိုတဲ့ အိုင်ဒီယာကို တကယ့် ကာယကံရှင်တွေပေါ့ဗျာ၊ စစ်ကောင်စီတို့လို NLD တို့လိုက ဘယ်လောက်ထိ လက်ခံမလဲဆိုတာတော့ လေ့လာဖို့ လိုတာပေါ့။ လိုအပ်ရင်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အဲဒီ အိမ်နီးနားချင်း နိုင်ငံတွေ ပူးပါင်းပြီးတော့ ကြားဝင်ဖို့ ကြိုးပမ်းမှာပေါ့” ဟု ၎င်းက ပြောသည်။

ကြားဝင်ညှိနှိုင်းနိုင်ရေး ကြိုးပမ်းမှုတွင် အာဏာသိမ်းမှုအဆုံးသတ်ရေးကိစ္စ ပါမပါ မေး‌မြန်းရာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါကတော့ ညှိမှ ထွက်လာမှာပေါ့။ အဆုံးဘယ်လို သတ်လို့ရမလဲဆိုတာလေ” ဟု ပြောသည်။ 

နိုင်ငံတစ်ဝန်းတွင် ပြည်သူလူထုက စစ်အာဏာသိမ်းမှုအပေါ်  ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ ကို နေ့စဉ်ဆက်တိုက်ပြုလုပ်​လျက်ရှိပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရန်၊ ၂၀၀၈ ဖွဲ့စည်း ပုံအ​ခြေခံဥပ​ဒေ ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုက​ရေစီစနစ်အ​ကောင်အထည်​ဖော်ရန်၊ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုပြီး ‌ပြည်သူရွေးချယ်သည့် အစိုးရဖွဲ့စည်းရန်၊ ဖမ်းဆီးထား​သော နိုင်ငံ​ခေါင်း​ဆောင်များ ပြန်လွှတ်​ပေးရန်တကို တောင်းဆိုလျက်ရှိသည်။ 

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူများ၏ တောင်းဆိုမှုကို လိုက်လျောခြင်း အလျှင်းမရှိသည့်ပြင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နေ့စဉ်ရက်ဆက် လူသေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးခံရမှုများ ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီလက်နက်ကိုင်များ၏ ထိုသို့ရက်စက်စွာ နှိမ်နင်းမှုများအပေါ်  ပြည်သူများအနေဖြင့် ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာထားသည်။ 

စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ် ၂၁ ရက်အထိ စစ်ကောင်စီလက်နက် ကိုင်များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၅၀ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၂၆၀၀ ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

မန္တလေးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ (မတ် ၂၁ နှင့် ၂၂) ၏ နှစ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှု များကြောင့် အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်များ အပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၃၅ ဦးရှိခဲ့သည်။
 

Show More

Related Articles

Back to top button