
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့သည် စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၇ ရက်တွင် ကျင်းပမည့် အာဏာသိမ်းစစ်တပ်၏ အဆိုပါအခမ်းအနားကို တက်ရောက်မည့် အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်လက်နက်ကိုင်အဖွဲ့ DKBA နှင့် KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) တို့ ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အစဉ်အလာ အရပေါ့။ အရင်တုန်းက သူတို့ နှစ်တိုင်းတက်နေကျဆိုတော့ ဒီနှစ်လည်း အစဉ်အလာမပြတ် တက်တဲ့သဘောပါ။ ကောင်စီကို အသိအမှတ်ပြုတာမပြုတာ သူတို့က ထည့်မတွက်ဘူး။ ဒီပွဲက သွားနေကျဆိုတော့ သွားတာပါဆိုတဲ့ သဘောမျိုးပေါ့” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS)၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO) တို့မှာမူ အာဏာသိမ်းစစ်ကောင်စီ၏ အဆိုပါအခမ်းအနား တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့သည် တပ်မတော်၏ စစ်အာဏာသိမ်းမှု လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံရေးအရ ဆွေးနွေးမှုများ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလကတည်းက သဘောထားထုတ်ပြန်ထားသည်။
လတ်တလောတွင် အာဏာသိမ်းစစ်တပ်သည် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် KNU၊ KIA တို့နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး RCSS နှင့် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။