
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုအရှိန်မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် အောင်စိုး၊ တပ်မ ၃၃ နှင့် တပ် ၇၇ တို့ကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူလိုက်ကြောင်း ယမန်နေ့ (မတ် ၂၂) တွင် ထုတ်ပြန်ကြေညာသည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် မြန်မစာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းနေခြင်းကို အဆုံးသတ်ရ ပါမယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိမှုကို ထင်ပေါ်စေဖို့ ဘဏ္ဍာရေးဌာနအနေနဲ့ လုပ်ပိုင်ခွင့်အာ ဏာကို အပြည့်အဝအသုံးပြုပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဝန်ကြီးဌာနမှ ဒါရိုက်တာ Andrea M. Gacki က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် စစ်အာဏာသိမ်းပြီးနောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ကာ ရဲတပ်ဖွဲ့ သည် ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများအပေါ် ရက်စက်သော ဖြိုခွင်းမှုများ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဗိုလ်ချုပ်သန်းလှိုင်၏ ဦးဆောင်မှုအောက်တွင် မြန်မာရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းရာတွင် ရေပိုက်များ၊ ရာဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများအပြင် ကျည်အစစ်များ အသုံးပြုခဲ့သည့် အတွက် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်ဟု ဆိုသည်။
စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သူ ဗိုလ်ချုပ်အောင်စိုးသည်လည်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံသူဖြစ်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွဲ ရာတွင် ရဲလုပ်ငန်းစဉ်ထက်ပိုသော စစ်မြေပြင်သုံး လက်နက်များ အသုံးပြုစေခဲ့ခြင်း၊ စီစဉ်ညွှန်ကြားမှု ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ပြုခဲ့သူဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် မန္တလေးမြို့တွင် ချထားသည့် တပ်မ ၃၃ နှင့် ရန်ကုန်၌ချထားသည့် တပ်မ ၇၇ တို့သည်လည်း ဆန္ဒပြမှုများကို ပစ်ခတ်ဖြိုခွင်းရာ၌ တာဝန်ရှိပြီး ဆန္ဒပြသူများကို သတ်ဖြတ်ရန် စနစ်တကျစီစဉ် အကွက်ချထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဗီဒီယိုများမှတ်တမ်းများအရ အဆိုပါတပ်ဖွဲ့ဝင်များသည် ပစ်ကပ်ကားများစီးနင်းလျက် ကျည်အစစ်များဖြင့် အရပ်မျက်နှာမျိုးစုံကို ပစ်ခတ်ခြင်း၊ နေအိမ်များ အတွင်း ဝင်ရောက်ပစ်ခတ်များ ရှိသည်ဟု ဆိုသည်။
အထက်ပါ အရေးယူပိတ်ပင်ခံရသူများနှင့် စပ်လျဉ်းသည့် တစ်ဦးချင်းပိုင်ဆိုင်မှုဖြစ်စေ၊ ဆက်စပ် လုပ်ငန်းများကိုဖြစ်စေ ကန့်သတ်ပိတ်ဆို့ကာ ထိန်းချုပ်ခံထားရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်စိုးသည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ဗြိတိန်၏ အရေးယူပိတ်ပင်မှု ခံထားရသူဖြစ်ကာ တပ်မ ၃၃ သည်လည်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံရမှုနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့မှုများအပေါ် တာဝန်ရှိသူဆိုကာ အရေးယူခံခဲ့ရပြီးဖြစ်သည်။
စစ်ကောင်စီက မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ လူမဆန်သောသတ်ဖြတ်မှုများကို ရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရကို အာဏာပြန်လွှဲရန်တို့ကို အမေရိကန်က ထပ်မံ တောင်းဆိုကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်က ၎င်း၏တွစ်တာ၌ ရေးသားထားသည်။
ဥရောပသမဂ္ဂကလည်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦးနှင့် စစ်ကောင်စီကခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို အရေးယူဒဏ်ခတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်သည် မြန်မာစစ်တပ်ကို အာဏာစွန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖိအားပေးမှုများလည်း တရစပ်လုပ်ဆောင်နေကာ သုံးကြိမ်တိုင် ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်သည်။
ပထမအကြိမ်မှာ စစ်တပ်က အာဏာသိမ်းပြီး ၁၁ ရက်အကြာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းတပ်မတော်ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွှယ်သူများ၊ ကုမ္ပဏီများကို အမေရိကန်သမ္မတအမိန့်ဖြင့် ပစ်မှတ်ထားပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်မှာ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော မောင်မောင်ကျော်နှင့်မိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူသည့်စာရင်း၌ ထပ်မံထည့်သွင်းခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ အပါအဝင် အနောက်အင်အား ကြီးနိုင်ငံများက မြန်မာနိုင်ငံ၏အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်မပြုသည့်အပြင် ဖိအားပေးမှု နှင့် အရေးယူဒဏ်ခတ်မှု များလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ခိုင်မာညီညွတ်သည့် နိုင်ငံတကာပူးပေါင်းတုံ့ပြန်မှုအရေးပေါ်လိုအပ်ကြောင်း ပြောကြားထားကာ ကုလ၏ အထူးအစီရင်ခံစာတင်သွင်းသူက ယင်းပြောကြားချက်ကို ပြီးခဲ့သည့်နာ ရီပိုင်းက ထပ်လောင်း ထောက်ခံထားသည်။
ထို့အပြင် ကုလလုံခြုံရေးကောင်စီမပါဘဲ ကျန်သဘောတူသော အစိုးရများထံမှ ပြင်းထန်သည့် ပူး ပေါင်းလုပ်ဆောင်မှုချက်ချင်းရရှိရန် မြန်မာပြည်သူများက ထိုက်တန်၊ လိုအပ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ၎င်း၏တွစ်တာ၌ ရေးသားထားသည်။