သတင်း

ရပ်ကွက်ရုံးမီးလောင်သည့် သံသယဖြင့် ဒေါပုံတွင် လူငယ် ၂၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရ

ယမန်နေ့ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့သည့် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်သို့ ယနေ့(မတ် ၂၃)နံနက်ပိုင်းတွင် ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က ဝင်ရာက်ရှာဖွေခဲ့ပြီး အသက် ၃၀ ကျော် အရွယ် လူငယ် ၄ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးထားသည်ဟု မျက်မြင်တွေ့ရှိရသူ ရပ်ကွက် ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ယနေ့ နံနက်ပိုင်းကတည်းက ရောက်ရှိနေပြီး နွယ်အေးရပ်ကွက် အတွင်းရှိ လမ်းများကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံရှာဖွေနေကြောင်း ရပ်ကွက်ရုံးမီးရှို့မှုဖြင့် သံသယ တရားခံများကို ဖမ်းဆီးထားကြောင်း ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လူငယ်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“ဒီမနက် ၆ နာရီကျော်ကျော် ၇ နာရီလောက်မှာ သူတို့ရောက်လာတယ်။ ရောက်လာပြီးတော့ ပိုက်စိပ်တိုက်ရှာတယ်။ ရှာပြီးတော့မှ မီးရှို့တဲ့သူ သံသယရှိတဲ့သူ ဆိုပြီးတော့ လောလောဆယ် မနက်ကထိတော့ ၄ ယောက် ကားပေါ် ဆွဲတင်ထားတယ်။ တစ်လမ်းဝင် တစ်လမ်းထွက်တော့ မွှေတော့ မွှေနေတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမီးလောင်မှုမှာလည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များ နွယ်အေးရပ်ကွက်အတွင်းသို့ ရောက်ရှိပြီးမှသာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ယမန်နေ့ ည ၇ နာရီခန့်က နွယ်အေး ရပ်ကွက် ဒေသခံများ ဆန္ဒပြတောင်းဆိုနေချိန်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များ ရောက်ရှိလာပြီး ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ထိုသို့ ဖြိုခွင်းပြီး  ၁၅ မိနစ်ခန့် အကြာတွင်မှ ရပ်ကွက်ရုံး မီးလောင်ခဲ့ခြင်းဖြစ်၍ ရပ်ကွက်ရုံး မီးလောင်သည့် ဖြစ်စဉ်မှာ ရပ်ကွက်နေပြည်သူများနှင့် မသက်ဆိုင်ကြောင်း အထက်ပါလူငယ်က ငြင်းဆိုသည်။

“နေ့တောင်မှ လူတွေက အပြင်မထွက်ရဲဘူး ဖြစ်နေရတာပေါ့။ ဘာတွေများ ဆက်ဖြစ်မလဲ ဆက်ပြီးများ ပစ်ခတ်မလားဆိုပြီးတော့ စိုးရိမ်နေကြရတာပေါ့။ အားလုံးက စိတ်သောကတွေ ရောက်နေရတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု Myanmar Now က စုံစမ်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ပြန်လည် ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ရန်ကုန်၏ ဆင်ခြေဖုံး ရပ်ကွက်များတွင် ဧည့်စာရင်း တိုင်ရန်အတွက် ယမန်နေ့ညက လိုက်လံ ဖိအားပေးနေကြောင်း ဒေသခံများ က Myanmar Now ကို ပြောကြားထားသည်။

(မှတ်ချက် – Myanmar Now က ထပ်မံစုံစမ်းရရှိထားသည်များကို ဖြည့်စွက်ထားပါသည်။) 

Show More

Related Articles

Back to top button